ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ခ်ဟာ ပီအက်စ်ဂျီကြယ်ပွင့် နေမာကို ခေါ်ယူဖို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် ငြင်းဆန်ခဲ့ခြင်းမရှိတာကြောင့် ဒီဘရာဇီးသားနဲ့ ယူနိုက်တက်တို့ရဲ့ အပြောင်းအရွှေ့သတင်းက ပိုမိုဆူညံလာခဲ့ပါတယ်။ နေမာဟာ လာမယ့်နွေမှာ ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ရှိနေတာပါ။
အဆိုပါ ဘရာဇီးကြယ်ပွင့်ကို ခေါ်ယူဖို့အတွက် ကြားခံပုဂ္ဂိုလ်တွေနဲ့ ဆက်သွယ်မှုတွေရှိနေတယ်လို့ သိရှိရပါတယ်။ ဒါပေမယ့်လည်း တစ်ဖက်မှာတော့ ယူနိုက်တက်အနေနဲ့ ကစားသမားနဲ့ ပတ်သက်လို့ ဘယ်လိုမျိုး ကမ်းလှမ်းမှု၊ ဆွေးနွေးမှုမျိုးကိုမှ မစတင်ရသေးကြောင်း သတင်းတွေက ဖော်ပြထားဆဲပါ။
ယူနိုက်တက်ဟာ လာမယ့်နွေရာသီမှာ တိုက်စစ်ပိုင်းကို သေချာပေါက် အားဖြည့်ရမှာဖြစ်ပြီး နေမာရဲ့ အပြောင်းအရွှေ့သတင်းတွေက မထင်မှတ်ဘဲ ထွက်ပေါ်လာခဲ့တာပါ။ နေမာဟာ ပြီးခဲ့တဲ့ (၂၀၁၇) ခုနှစ်မှာ ဘာစီလိုနာကနေ ပီအက်စ်ဂျီကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း (၂၀၀) နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် အသင်းမှာ သူက လုံလောက်တဲ့စွမ်းရည်မျိုး မပြသထားဘူးလို့ ပီအက်စ်ဂျီပရိသတ်တွေက ယူဆနေကာ ဒီကစားသမားကို အသင်းကထွက်သွားဖို့အတွက်လည်း ဝိုင်းဝန်းဆန္ဒပြခဲ့ကြပါသေးတယ်။ နေမာတစ်ယောက် ပီအက်စ်ဂျီကနေ ထွက်ခွာဖို့ သတင်းထွက်နေပေမယ့် သူ့ရဲ့ ဒဏ်ရာမှတ်တမ်းကြောင့်လည်း ထိပ်တန်းအသင်းကြီးတွေက လက်တွန့်နေကြပါတယ်။
ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် သတင်းစာရှင်းလင်းပွဲမှာတော့ တန်ဟက်ခ်က နေမာနဲ့ ပတ်သက်တဲ့ အပြောင်းအရွှေ့အပေါ် အခုလိုမျိုး ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ်။ တန်ဟက်ခ်က “ကျွန်တော်တို့မှာ သတင်းတစ်ခုခုရှိလာခဲ့ရင် ခင်ဗျားတို့ကို ပြောပြမှာပါ” လို့ ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။ တန်ဟက်ခ်ဟာ နေမာနဲ့ အပြောင်းအရွှေ့သတင်းတွေအပေါ် ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့ခြင်းမရှိတာကြောင့်လည်း ယူနိုက်တက်တို့ နေမာကို အမှန်တကယ် ချိတ်ဆက်နေတာဖြစ်နိုင်ကြောင်း သတင်းတွေက ပိုမိုကျယ်လောင်လာခဲ့ပါတယ်။