နေမာအနားယူမယ်ဆိုတဲ့သတင်းက ဘရာဇီးအသင်းဖော်တွေအတွက်ပါ ဒွိဟဖြစ်စရာအဖြစ် ရှိနေတာပါ။

ဘရာဇီးလူမျိုး ညာနောက်ခံလူ ဒန်နီလိုက လက်ရွေးစင်အသင်းဖော် နေမာရဲ့ ပြောစကားနဲ့ပတ်သက်လို့ မှတ်ချက်ပေးဖို့ ခက်နေတဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။ နေမာဟာ လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားဟာ သူ့အတွက် နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်နိုင်ကြောင်း ပြောကြားခဲ့တာပါ။



အဲ့ဒီနောက်ပိုင်း သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရပါ နိုင်ငံတကာ ကစားသမားဘဝကို ရှေ့ဆက်ဖို့ မသေချာတော့ဘူးလို့ ဆိုခဲ့ပါတယ်။ နေမာရဲ့ပြောစကားက ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းကို အံ့အားသင့်စေခဲ့ပြီး မာကွင်ဟိုစ်ကတော့ နေမာရဲ့ပြောစကားကို သတင်းထောက်တွေ နားလည်မှုလွဲ၊ ဘာသာပြန်လွဲတာသာဖြစ်ကြောင်း ဖြေရှင်းခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ဂျူဗင်တပ်စ်မှာ ကစားနေတဲ့ ဘရာဇီးနောက်ခံလူ ဒန်နီလိုက “ဒီကိစ္စက တော်တော်လေး ရှုပ်ထွေးတယ်ဗျ။ တခြားအသင်းက ကစားသမားတွေလည်း ဒီလိုမျိုး ပြောဖူးကြတာပဲလေ။ တိုနီကရူးစ်ဆိုလည်း မကြာခင်ကမှ လက်ရွေးစင်က နားသွားတယ်။ အဲ့ဒီတော့ နေမာ ဒီလိုပြောတာကလည်း အရမ်းကြီး မကောင်းတဲ့ဘက်မရောက်ပါဘူး”

“သူ့အနေနဲ့ ဒီလိုမျိုး ကိစ္စတွေအပေါ်မှာတော့ ဂရုစိုက်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် တကယ်လို့ သူအဲ့ဒီလိုပြောခဲ့တယ်ဆိုရင်လည်း သူ့မှာ အကြောင်းပြချက်ရှိပါလိမ့်မယ်။ သေချာပါတယ်။ သူနဲ့အတူတူ အလုပ်လုပ်နေတဲ့သူတွေက ဒီအကြောင်းကို တွေးပြီး အခြေအနေတွေကို သေချာခွဲခြမ်းစိစစ်သင့်တာပေါ့”

“ဒါက အရမ်းကို ပုဂ္ဂိုလ်ရေးဆန်တဲ့ ကိစ္စပဲဗျ။ ကျနော့်အမြင်ကိုပြောဖို့ ခက်ခဲပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့်ခံစားချက်ကလည်း သူ့ခံစားချက်နဲ့ တူချင်မှတူမှာလေဗျာ။ သူ ကျနော်တို့နဲ့ ကာလရှည် ဆက်ရှိသွားဖို့ မျှော်လင့်ထားပါတယ်။ ဘာလို့လဲဆိုတော့ သူနဲ့အနီးကပ်ကစားခွင့်ရတာ အရမ်းကောင်းလို့ပါ” လို့ ပြောကြားသွားခဲ့ပါတယ်။

နေမာဟာ ဘရာဇီးလက်ရွေးစင်အတွက် သွင်းဂိုး (၇၀) သွင်းယူထားပြီး ဂန္တဝင်ကြီး ပီလီရဲ့ ဘရာဇီးလက်ရွေးစင် ကစားသမားဘဝ သွင်းဂိုးကို လိုက်မှီဖို့ (၇) ဂိုးသာ လိုတော့တာပါ။ နေမာကတော့ လက်ရွေးစင်ကစားသမားဘဝမှာ အသင်းလိုက်အောင်မြင်မှု ကြီးကြီးမားမားမရှိသေးတာကြောင့်လည်း လာမယ့် (၂၀၂၂) ကာတာကမ္ဘာ့ဖလားမှာ ဗိုလ်စွဲနိုင်ဖို့ ပစ်မှတ်ထားနေကြောင်းလည်း ပြောကြားထားပါသေးတယ်။ 

Share

Loading Next Article...
က္က