နေမာနဲ့ပတ်သက်လို့ ဆွန်ဟောင်မင်က ကြိတ်ကြိတ်ပြီး မေးခဲ့ရတာပါ။

စပါးနဲ့တောင်ကိုရီးယားတိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ နေမာကို အားပေးတဲ့ ကစားသမားတယောက်ဖြစ်ပြီး နေမာအကြောင်းကိုလည်း စပါးမှာရှိတဲ့ ဘရာဇီးအသင်းဖော်ဆီ မေးမြန်းလေ့ရှိတယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းကို ထုတ်ဖော်လာတာကတော့ စပါးရဲ့ ဘရာဇီးနောက်ခံလူ အီမာဆင်ရွိုင်ရယ်ပဲဖြစ်ပါတယ်။



ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ ပင်နယ်တီတဂိုးမှမပါဘဲ သွင်းဂိုး (၂၃) ဂိုးရရှိကာ ဆာလာနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒီလိုမျိုး အာရှသားတယောက်က ဥရောပထိပ်တန်းလိဂ် (၅) ခုမှာ ရွှေဖိနပ်ဆု ဆွတ်ခူးနိုင်တယ်ဆိုတာက ဆွန်ဟောင်မင်အလှည့်မှ ပထမဆုံးဖြစ်ခဲ့တာပါ။

ဆွန်ဟောင်မင်ဟာ အနေအထိုင် သိုသိပ်အေးဆေးသူတယောက်ဖြစ်ပြီး သူ တောင်ကိုရီးယားကို ပြန်ရောက်လာချိန်မှာလည်း ပရိသတ်တွေက သူရဲကောင်းသဖွယ် ကြိုဆိုခဲ့ကြပါတယ်။ ဒီလိုမျိုး ဆွန်ဟောင်မင်တယောက် နေမာနဲ့ပတ်သက်လို့ မေးမြန်းခဲ့ပုံအကြောင်းကိုလည်း အီမာဆင်က အခုလို ပြောပြလာပါတယ်။

အီမာဆင်က “ဆွန်က နေမာအကြောင်းကို စပါးမှာ အမြဲတမ်းမေးတယ်ဗျ။ ‘နေမာ ငါ့ကို သိပါ့မလား’ တွေ ဘာတွေပါ မေးတာ။ ကျနော်က ‘ဟေ့ ဆွန်ရေ။ သူ မင်းကို သိတာပေါ့ကွ။ မင်း သူ့ကို လေးစားနေသလို သူလည်း မင်းကို လေးစားနေပါတယ်။ မင်းလည်းကြယ်ပွင့်တယောက်ပဲ’ ဆိုပြီး ပြောပြရပါတယ်” လို့ ဖွင့်ဟခဲ့ပါတယ်။

အခုချိန်မှာတော့ နေမာနဲ့ဆွန်ဟောင်မင်တို့ တောင်ကိုရီးယားနဲ့ဘရာဇီးတို့ရဲ့ ခြေစမ်းပွဲမှာ တွေ့ဆုံခဲ့ကြပြီးဖြစ်ပြီး အဲ့ဒီပွဲအပြီးမှာ ဆွန်ဟောင်မင်ကလည်း ဘရာဇီးလက်ရွေးစင်အသင်းသားတွေနဲ့အတူ အဝတ်လဲခန်းအတွင်း စကားလက်ဆုံကျခဲ့တယ်လို့ သိရပါတယ်။ 

Share

က္က