ဒိုင်လူကြီးဟောင်း ၂ ဦးဟာ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုအတွက် ပိုမိုပြင်းထန်တဲ့ အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့ပြီး မကြာခဏဆိုသလို လှဲချတတ်တဲ့ ပီအက်စ်ဂျီကြယ်ပွင့်နေမာရဲ့ နာမည်ကိုတောင် ထည့်ပြောသွားခဲ့တာဖြစ်ပါတယ်။
ဘောလုံးသမားတွေဟာ အခုအချိန်မှာ ဟန်ဆောင်ဒိုင်ဗင်ထိုးမှုအတွက် အဝါကတ်ပြား ပြသခြင်းခံနေရတာဖြစ်ပေမယ့်လည်း စကော့တလန်လူမျိုး ဒိုင်လူကြီးဟောင်း ၂ ဦးက ဒီလို လုပ်ရပ်တွေအတွက် ပိုမို ပြင်းထန်တဲ့ အရေးယူမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒိုင်လူကြိးဟောင်း ဒက်စ် ရိုချေးက ဘောလုံးသမားတွေအနေနဲ့ ရည်ရွယ်ချက်ရှိရှိနဲ့ ဟန်ဆောင်လိမ်ညာခဲ့ရင် တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ပြီး ၃ ပွဲပယ် ပြစ်ဒဏ် ကျခံရသင့်တယ်လို့ ပြောကြားခဲ့ပါတယ်။
"တကယ်လို့ ခင်ဗျား ရည်ရွယ်ချက်ရှိရှိနဲ့ ဟန်ဆောင်လိမ်ညာရင်၊ ခင်ဗျား ပြိုင်ဘက်အသင်းက တစ်စုံတယောက်ကို ထုတ်ပယ်ခံရအောင် လုပ်တာ ဒါမှမဟုတ် ပင်နယ်တီရအောင် လုပ်တာမျိုး လုပ်မှာပါ။ ဒီအတွက် ပြစ်ဒဏ်ချမှတ်မှုက အဝါကတ်ပဲ ပြပြီး ဒါက ရှင်းရှင်းပြောရရင် မလုံလောက်ဘူး။ ခင်ဗျား ဒီလို ဟန်ဆောင်လိမ်ညာမှုမျိုးကိုသာ တွေ့ရှိခဲ့ရင် အဲဒါက အနီကတ်ပဲ ဖြစ်ရမယ်လို့ ကျွန်တော် ထင်တယ်။ အဲဒီအပြင်ကို အလိုအလျောက် ၃ ပွဲပယ်ပြစ်ဒဏ်ကျခံရသင့်ပါတယ်"
"အဲဒါက ကျွန်တော်တို့ ဥပဒေတွေထဲက အားနည်းချက်တွေထဲက တစ်ခုပါ။ အဲဒါကိုသာ တင်းတင်းကြပ်ကြပ်လုပ်လိုက်ရင် နည်းပြတွေက ဒိုင်ဗင်ထိုးပြီး ပွဲပယ်ခံရတဲ့ ကစားသမားတွေကို ကစားခွင့်ပေးမှာမဟုတ်တော့ပါဘူး"လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒိုင်လူကြီးဟောင်း စတိဗ် ကွန်ရွိုင်းက ပီအက်စ်ဂျီကြယ်ပွင့်နေမာက ဘောလုံးပြိုင်ပွဲမှာ အကြီးမားဆုံး ဒိုင်ဗင်သမားလို့ ပြောဆိုခဲ့ပြီး ဒိုင်လူကြီးတွေကို အရူးလုပ်ဖို့နဲ့ လိုချင်တဲ့ပုံစံအတိုင်း ဆုံးဖြတ်ချက်ချအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတဲ့ ကစားသမားတွေအပေါ်မှာ အရေးယူဖို့ အသင်းတွေကို တောင်းဆိုခဲ့ပါတယ်။
"ဝိရောဓိကဖြစ်နေတာက ကွင်းထဲမှာ အပြစ်ပေးမှုက အဝါကတ်ဖြစ်ပေမယ့်လည်း ကစားသမားတွေဟာ နောက်ဆက်တွဲ ပြစ်ဒဏ်ချမှတ်ခံရမယ်ဆိုရင် ၂ ပွဲပယ် ပြစ်ဒဏ်အပေးခံရနိုင်ပါတယ်။ ဒိုင်ဗင်ထိုးတာအတွက် အနီကတ်ဖြစ်သင့်ပြီး ၃ ပွဲပယ်ခံရသင့်တယ်ဆိုတာကို ကျွန်တော် သဘောတူတယ်။ အဲဒါက ယုတ်မာကောက်ကျစ်မှုဖြစ်ပြီး ကျွန်တော်တို့ အဲဒါကို ဖယ်ရှားနိုင်အောင် ကြိုးပမ်းရမယ်။ နေမာက ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး ဒိုင်ဗင်ထိုးဖို့ အားပေးအားမြှောက်လုပ်သူပါ။ သူ့ကို ဒိုင်လူကြီးတွေက ဘယ်လို ဆုံးဖြတ်ချက်မျိုး ပေးနိုင်လဲဆိုတာ ကျွန်တော် မသိပါဘူး။ ကျွန်တော့်ကို တကယ် ယုံကြည်အောင် လုပ်နိုင်တဲ့အခြားအရာတစ်ခုက ကစားသမားတွေက ပင်နယ်တီဧရိယာထဲကို ပြေးဝင်ပြီးတော့ ရည်ရွယ်ချက်ရှိရှိနဲ့ ဆန့်ထုတ်ထားတဲ့ ခြေထောက်ကို ခြေချိတ်လဲကျတာပါ"
"သူတို့တွေက အဲဒီလို လုပ်တဲ့နေရာမှာ အရမ်းတော်တယ်။ မသိရင် သူတို့တွေ အဲဒီလို လုပ်တတ်အောင် လေ့ကျင့်ထားပုံပဲ။ အဲဒီတော့ သူတို့ရဲ့အသင်းတွေက ပြစ်ဒဏ်မပေးဘူးလား"လို့ ပြောကြားခဲ့ပါတယ်။