ပီအက်စ်ဂျီတိုက်စစ်မှူးဘတ်ပီဟာ အသင်းလေ့ကျင့်ရေးကွင်းမှာ ခြေထောက်ဒဏ်ရာရရှိခဲ့တယ်လို့ ကလပ်အသင်းက အတည်ပြုလိုက်ပါတယ်။ ဒီအတွက်ကြောင့် ဘတ်ပီဟာ ရီးရဲလ်မက်ဒရစ်နဲ့ကစားရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲကို လွဲချော်ဖွယ်ရှိနေပြီး သူ့ရဲ့အနေအထားကို ရင်တမမနဲ့ စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။
"ဒီနေ့လေ့ကျင့်ရေးကွင်းမှာ ဘတ်ပီရဲ့ ဘယ်ခြေထောက်ဒဏ်ရာရရှိသွားခဲ့ပါတယ်၊ နေ့လည်ပိုင်းမှာ သူ့ဒဏ်ရာကို ကုသမှုတွေပြုလုပ်ခဲ့ပြီးတော့ နောက်ထပ်သိရတဲ့ အချက်အလက်သစ်တွေကိ ၂၄ နာရီအတွင်း ထုတ်ပြန်သွားပါ့မယ်" လို့ ပီအက်စ်ဂျီက သတင်းထုတ်ပြန်ခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် တိုက်စစ်မှူးရဲ့ ဒဏ်ရာဟာ ကနဦးစစ်ဆေးမှုတွေအရတော့ ဆိုးရွားပြင်းထန်ခြင်းမရှိဘူးလို့တော့ သိရပါတယ်။
ဒါပေမယ့်လည်း အခြားသောကစားသမားတွေဖြစ်တဲ့ နောက်ခံလူရာမို့စ်နဲ့ ကွင်းလယ်လူဟာရဲရားတို့ကတော့ ကစားနိုင်မှာမဟုတ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။ ရာမို့စ်ကတော့ အသင်းဟောင်းနဲ့ပွဲကို နှစ်ကျော့စလုံးလွဲချော်ခဲ့ရပြီဖြစ်ကာ ဟာရဲရားကတော့ တဦးတည်းလေ့ကျင့်ခန်းဆင်းနေရပြီး ဒီတပတ်ကုန်မှသာ အသင်းနဲ့ပူးပေါင်းနိုင်မှာဖြစ်ပါတယ်။