မက်ဆီ၊ နေမာတို့နှစ်ယောက်မှာ တစ်ယောက်ကကောင်းလာလိုက်၊ တစ်ယောက်ကနာသွားလိုက်နဲ့ ဖြစ်နေတာပါ။

မနက်ဖြန်မနက်မှာတော့ (၂၀၂၂) ကာတာကမ္ဘာ့ဖလားခြေစစ်ပွဲ တောင်အမေရိကဇုန်ပွဲစဥ်အဖြစ် ဘရာဇီးနဲ့အာဂျင်တီးနားတို့ ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။ ဘရာဇီးကတော့ နောက်ဆုံးကစားခဲ့တဲ့ ကိုလံဘီယာနဲ့ပွဲမှာ ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ကာတာကမ္ဘာ့ဖလားအတွက် နေရာတစ်နေရာ သေချာသွားခဲ့ပါပြီ။



အာဂျင်တီးနားကလည်း ဥရုဂွေးနဲ့ပွဲမှာ ဒီမာရီယာရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အခု ဒေသတွင်းမဟာပြိုင်ဘက် ဘရာဇီးကို အနိုင်ရရှိဖို့ ဆက်လက်ပစ်မှတ်ထားနေပါတယ်။ ဒီပွဲအတွက် ဘရာဇီးတိုက်စစ်ကစားသမား နေမာ လွဲချော်မယ်လို့ သိရပြီး အာဂျင်တီးနားဘက်မှာတော့ မက်ဆီအပြင် ဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတဲ့ ကွင်းလယ်လူ ပါရီဒက်စ်လည်း ပါဝင်ကစားသွားမှာပါ။

ဒီအကြောင်းကိုတော့ အာဂျင်တီးနားလက်ရွေးစင်နည်းပြ စကာလိုနီကိုယ်တိုင်က အတည်ပြုပေးခဲ့တာဖြစ်ပြီး နိုင်ငံတကာပွဲစဥ်တွေမတိုင်ခင် PSG ရဲ့ပွဲစဥ် (၂) ပွဲကို လွဲချော်ခဲ့တဲ့ မက်ဆီက ဘရာဇီးနဲ့ပွဲမှာတော့ ပွဲထွက်လာဖို့ ရှိနေပါတယ်။

ဒါ့အပြင် အောက်တိုဘာတည်းက ဒူးဒဏ်ရာရရှိပြီး အနားယူခဲ့ရတဲ့ ပါရီဒက်စ်ကလည်း လက်ရှိအချိန်မှာ ကြံ့ခိုင်မှုပြည့်ဝနေတာကြောင့် အသုံးပြုသွားမယ်လို့ စကာလိုနီက ဆိုထားတာပါ။

မက်ဆီ၊ ပါရီဒက်စ်တို့ ဒဏ်ရာက ပြန်လည်သက်သာလာတာက အာဂျင်တီးနားအတွက်သာမက PSG အတွက်ပါ သတင်းကောင်းလို့ဆိုနိုင်ပေမယ့် တစ်ဖက် ဘရာဇီးမှာတော့ နေမာက ဘယ်ဘက်ပေါင်ခြံဒဏ်ရာရရှိထားပါတယ်။ အဲ့ဒါကြောင့်လည်း နေမာက ဒီပွဲကို လွဲချော်ရမှာဖြစ်ပြီး မက်ဆီရဲ့သတင်းကောင်းတစ်ဖက်မှာ နေမာရဲ့ သတင်းဆိုးက အာဂျင်တီးနားကို စောင့်ကြိုနေခဲ့တာပါ။

လက်ရှိတောင်အမေရိကဇုန်မှာတော့ ထိပ်ဆုံး (၄) သင်းက တိုက်ရိုက်ခြေစစ်ပွဲအောင်မြင်မှာဖြစ်ပြီး (၂၆) ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ အာဂျင်တီးနားက လက်ရှိအမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာ သက်သောင့်သက်သာနဲ့ပဲ ရပ်တည်လျက်ရှိနေတာဖြစ်ပါတယ်။ 

Share

က္က