KFC ဒုတိယဥက္ကဌက အမ်ဘာပေကို တရားစွဲဖို့ အရိပ်အမြွက်ပြောကြားခဲ့တာပါ။

ပီအက်စ်ဂျီနဲ့ပြင်သစ်လက်ရွေးစင်ကြယ်ပွင့် အမ်ဘာပေကို တရားဥပဒေအရ အရေးယူနိုင်ဖို့ နာမည်ကျော် KFC က စဥ်းစားနေကြောင်း သိရှိရပါတယ်။ အမ်ဘာပေဟာ သူ့ရဲ့ပုံရိပ်မူပိုင်ခွင့်ကြောင့် ပြင်သစ်လက်ရွေးစင်နဲ့အတူ အသင်းလိုက်ဓာတ်ပုံရိုက်ကူးဖို့ကို ငြင်းဆန်ခဲ့ပြီး ဒီအချက်ကြောင့်ပဲ KFC ရဲ့ ပြင်သစ်အခြေစိုက်အကြီးအကဲက အမ်ဘာပေကို မကျေနပ်ဘဲ တရားစွဲဖွယ်ရှိခဲ့ကြောင်း ဖွင့်ဟခဲ့တာပါ။



အမ်ဘာပေဟာ ပီအက်စ်ဂျီမှာတည်းက မက်ဆီ၊ နေမာတို့နဲ့ ဆက်ဆံရေးမပြေလည်တဲ့သတင်းတွေ မကြာခဏထွက်ပေါ်ခဲ့ပြီး အခု လက်ရွေးစင်အသင်းမှာလည်း လူပြောစရာပြဿနာတခုကို ဖန်တီးခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ အမ်ဘာပေဟာ သူ့ရဲ့ပုံရိပ်မူပိုင်ခွင့်ကတဆင့် တပွဲစာအတွက် ယူရို (၂) သောင်းခွဲရရှိနေပါတယ်။ အဲ့ဒီပမာဏအားလုံးကို အမ်ဘာပေက ပရဟိတအဖွဲ့အစည်းတွေဆီကို လှူဒါန်းလျက်ရှိတယ်လို့လည်း သိရှိရပါတယ်။

ပြင်သစ်လက်ရွေးစင်ရဲ့ အသင်းလိုက်ရိုက်ကူးမှုဟာ KFC အတွက်ဖြစ်ခဲ့ပေမယ့် အမ်ဘာပေက ငြင်းဆန်ခဲ့တာလည်းဖြစ်ပါတယ်။ အစပိုင်းမှာ အမ်ဘာပေက ပြင်သစ်လက်ရွေးစင်နဲ့အသင်းလိုက် ဓာတ်ပုံရိုက်ကူးဖို့ ငြင်းဆန်ခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဒီကိစ္စက အဆင်ပြေသွားခဲ့ပြီး အမ်ဘာပေအနေနဲ့ အသင်းနဲ့ ဓာတ်ပုံရိုက်ကူးခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါသေးတယ်။

KFC ဟာ ပြင်သစ်လက်ရွေးစင်ရဲ့ စပွန်ဆာကုမ္ပဏီတခုဖြစ်ပြီး အမ်ဘာပေရဲ့ အခုလို ငြင်းဆန်ခဲ့မှုအပေါ် KFC ပြင်သစ်ရဲ့ ဒုတိယဥက္ကဌ အလိုင်ဘီရယ်လ်က အခုလိုပဲ ဖွင့်ဟလာခဲ့ပါတယ်။ ဘီရယ်လ်က “ကိစ္စတွေအတွက် ကျနော်တို့ ရှင်းရှင်းလင်းလင်း ငွေပေးချေပြီးသားပါ။ ဒီတော့ ကျနော်တို့ရဲ့ အခွင့်အရေးကို အပြည့်အဝရရှိဖို့ လိုအပ်ပါတယ်” လို့ဆိုပြီး တရားစွဲမယ့်အကြောင်း အရိပ်အမြွက်ဖွင့်ဟခဲ့ပါတယ်။

ဒါပေမယ့်လည်း KFC ပြင်သစ်ဘက်က ဘီရယ်လ်ရဲ့ ပြောစကားတွေကို ငြင်းဆန်ပယ်ချခဲ့ပြီး ဘီရယ်လ်ရဲ့စကားတွေဟာ ကုမ္ပဏီကိုထင်ဟပ်မှုမရှိဘဲ ပုဂ္ဂိုလ်ရေးအမြင်တွေသာဖြစ်ကြောင်း၊ ကုမ္ပဏီအနေနဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ ပူးပေါင်းကာ အမ်ဘာပေအပါအဝင် ကစားသမားတွေ၊ မိတ်ဖက်ကုမ္ပဏီတွေ ကျေနပ်လောက်စရာဖြေရှင်းနည်းကို ရှာဖွေသွားမှာဖြစ်ကြောင်း ကြေညာချက်ထုတ်ပြန်ပြီး ရှင်းလင်းသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က