ပီအက်စ်ဂျီဟာ နေမာအပါအဝင် အသင်းရဲ့ နာမည်ကြီးကစားသမားအချို့ကို လက်ရှိနွေရာသီ အပြောင်းအရွှေ့မှာ အသင်းသစ်ရှာဖွေဖို့ အသိပေးလိုက်ကြောင်း သိရှိရပါတယ်။ ပီအက်စ်ဂျီတို့ ဒီလိုမျိုး အသိပေးလိုက်တဲ့ ကစားသမားစာရင်းထဲမှာ နေမာ၊ ဗာရက်တီ၊ အီကီတီကီ၊ ရီနာတိုဆန်းချက်စ်နဲ့ ဟွမ်ဘားနတ်တို့ ပါဝင်ပါတယ်။
အသင်းရဲ့နည်းပြသစ် လူးဝစ်အင်းနရစ်နဲ့ အားကစားဒါရိုက်တာ အိုကမ်းပို့စ်တို့ ဆွေးနွေးပြီးတဲ့နောက် အခုလိုမျိုး ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပြီး ကာယကံရှင်တွေကိုလည်း အသိပေးခဲ့ပြီးဖြစ်ပါတယ်။ နေမာကို ခေါ်ယူဖို့အတွက်တော့ ချဲလ်ဆီးက သတင်းထွက်နေပေမယ့် ကောလာဟလအဆင့်သာရှိပြီး ကစားသမားရဲ့ လုပ်ခလစာ မြင့်မားမှုက အဟန့်အတားဖြစ်စေပါတယ်။
ဗာရက်တီကိုလည်း ဆော်ဒီကလပ်တွေဘက်က စိတ်ဝင်စားနေပေမယ့် ပီအက်စ်ဂျီဘက်က ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀) တောင်းဆိုထားပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ပီအက်စ်ဂျီတို့ ဗာရက်တီကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၆၀) နဲ့ လက်လွှတ်ခံဖွယ်ရှိပါတယ်။
အီကီတီကီကိုတော့ အဲဗာတန်က ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ပီအက်စ်ဂျီဘက်ကတော့ ဒီတိုက်စစ်ကစားသမားအတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၄၀) သတ်မှတ်ထားပါတယ်။ ဘားနတ်၊ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ ရီနာတိုဆန်းချက်စ်တို့အတွက်လည်း သင့်တော်တဲ့ ကမ်းလှမ်းမှုရရှိလာရင် ပီအက်စ်ဂျီက ရောင်းချသွားမှာပါ။
ပီအက်စ်ဂျီကစားသမားအားလုံးနဲ့ အိုကမ်းပို့စ်၊ လူးဝစ်အင်းနရစ်တို့ တွေ့ဆုံခဲ့ကြပြီးဖြစ်ပြီး အချို့ကစားသမားတွေကတော့ အသင်းလိုက်ဓာတ်ပုံရိုက်ကူးမှု အစီအစဉ်မှာ မပါဝင်ခဲ့ကြပါဘူး။ ဒါ့အပြင် နေမာ၊ ဗာရက်တီတို့ကလည်း အသင်းနဲ့ ပူးပေါင်းလေ့ကျင့်ခန်းဆင်းခဲ့ခြင်းမရှိဘဲ ကြံ့ခိုင်မှုလေ့ကျင့်ခန်းတွေကိုသာ ပြုလုပ်နေခဲ့ပါတယ်။