ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးအပြီး လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းခဲ့တာပါ။

ဗင်နီရှပ်၊ ကက်စ်မဲရိုးတို့ကတော့ ချန်ပီယံလိဂ်ဖလားကို ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆွတ်ခူးပြီးနောက် ဘရာဇီးလ်လက်ရွေးစင်အသင်းနဲ့ သွားရောက်ပူးပေါင်းခဲ့ပြီဖြစ်ပါတယ်။ လက်ရွေးစင်အသင်းကို ရောက်ချိန်မှာတော့ သူတို့နှစ်ဦးကို အသင်းဖော်နေမာက ကြိုဆိုနှုတ်ဆက်ခဲ့ပြီး ချန်ပီယံလိဂ်အောင်မြင်မှုအတွက် ဂုဏ်ပြုသွားခဲ့ပါတယ်။ 

နေမာရဲ့ ပီအက်စ်ဂျီနဲ့ ဗင်နီရှပ်တို့ရဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ၁၆ သင်းအဆင့်မှာ ရင်ဆိုင်ခဲ့ရပြီး ပီအက်စ်ဂျီတို့ အရေးနိမ့်ခဲ့ပါတယ်။ ရီးရဲလ်ကတော့ ဆက်တိုက်ဆိုသလို ချယ်လ်ဆီး၊ မန်စီးတီးတို့ကို အနိုင်ယူပြီး ဗိုလ်လုပွဲမှာ လီဗာပူးလ်ကိုလည်း နောက်ကောက်ချကာ ချန်ပီယံလိဂ်ဖလားကို ၁၄ ကြိမ်မြောက်အဖြစ် ဆွတ်ခူးခဲ့ပါတယ်။ 

ဗင်နီရှပ်အတွက်တော့ ဒီဆုဖလားက သူ့ရဲ့ ပထမဆုံးချန်ပီယံလိဂ်ဖလားလည်းဖြစ်သလို ဗိုလ်လုပွဲမှာ တလုံးတည်းသောအနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့လို့ တကယ့်အမှတ်ရစရာအဖြစ်ရှိနေတော့မှာပါ။ ဒါ့အပြင် စီနီယာကစားသမား နေမာရဲ့ ဖက်လှဲတကင်းနှုတ်ဆက်ကာ ဂုဏ်ပြုခံရမှုကလည်း သူ့အတွက်တော့ စိတ်အားတက်စရာကောင်းနေခဲ့ပါတယ်။ 

ဘရာဇီးလ်ရဲ့ ရွှေရောင်မျိုးဆက်ထဲက တဦးလို သတ်မှတ်ခံထားရပြီဖြစ်တဲ့ ဗင်နီရှပ်က လက်ရွေးစင်အသင်းကြီးနဲ့အတူ ကာတာကမ္ဘာ့ဖလားကို လိုက်ပါခွင့်ရဖို့လည်း သေချာနေသူဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိတဲ့ ပထမဆုံးရာသီမှာ ခြေစွမ်းသိပ်မပြနိုင်ခဲ့ပေမယ့် တဖြည်းဖြည်းနဲ့တိုးတက်လာခဲ့ပြီး ဒီရာသီမှာ ဘန်ဇီမာနဲ့တွဲဖက်ကာ အကောင်းဆုံးပုံစံကို ပြသခဲ့တာဖြစ်ပါတယ်။ 


Share

က္က