လီယွန်နယ် မက်ဆီဟာ ဗုဒ္ဓဟူးနေ့ညက မာဆေးလ်အသင်းကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တဲ့ ပြင်သစ်ဖလားပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် နေမာရဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားခဲ့ပါတယ်။
အာဂျင်တီးနားကြယ်ပွင့်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီအသင်းကို ပြောင်းရွှေ့ပြီးကတည်းက ကျောနံပါတ် ၃၀ ကို ဝတ်ဆင်ကစားခဲ့တာဖြစ်ပြီး ဘာစီလိုနာမှာ ပထမဆုံး ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်ကို ပြန်လည်ဝတ်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီယွန်နယ် မက်ဆီဟာ Stade Velodrome မှာ မာဆေးလ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ပွဲစဉ်မှာ ဒုတိယအကြိမ် ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားခဲ့တာဖြစ်ပြီး ဆန်းချက်ဇ်က ပင်နယ်တီကနေတဆင့် ဦးဆောင်ဂိုး သွင်းယူသွားခဲ့ပြီးနောက် ပထမပိုင်းမပြီးဆုံးခင်မှာ ရာမို့စ်က ချေပဂိုးကို ပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
ရူစလန် မာလင်နော့ဗ်စကီးက ၅၇ မိနစ်မှာ အနိုင်ဂိုးကို သွင်းယူသွားခဲ့တာကြောင့် ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်ဖလား ၁၆ သင်းအဆင့်မှာပဲ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။ မက်ဆီနဲ့ ပီအက်စ်ဂျီအသင်းဖော်တွေဟာ မာဆေးလ်ကစားသမားတွေနည်းတူ ပြင်သစ်ဖလား စည်းမျဉ်းအတိုင်း သမားရိုးကျ ကျောနံပါတ် ၁ ကနေ ၁၁ အထိ ဝတ်ဆင်ကစားခဲ့ကြတာ ဖြစ်ပါတယ်။
လူစားဝင်ကစားသမားတွေလည်း ကျောနံပါတ် ၂၅ အောက် နံပါတ်တွေကိုသာ ဝတ်ဆင်ခဲ့တာဖြစ်ပြီး ဘယ်ကစားသမားရဲ့ ကျောဘက်မှာမှ နာမည်လည်း ထည့်သွင်းထားခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် လီယွန်နယ် မက်ဆီဟာ ၎င်းရဲ့ အနှစ်သက်ဆုံးကျောနံပါတ်ဖြစ်တဲ့ ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ကစားခဲ့တာဖြစ်ပြီး နေမာကလည်း ဘာစီလိုနာနဲ့ ဆန်းတို့စ်မှာတုန်းက ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၁ ကို ဝတ်ဆင်ကစားခဲ့တာဖြစ်ပါတယ်။
နေမာဟာ လီယွန်နယ် မက်ဆီ ပီအက်စ်ဂျီကို ပြောင်းရွှေ့လာခဲ့တဲ့အချိန်တုန်းက ကျောနံပါတ် ၁၀ ကို ပေးဖို့ ကမ်းလှမ်းခဲ့ပေမယ့်လည်း ဘလွန်ဒေါ ၇ ဆုရှင်က ဘရာဇီးလ်ကြယ်ပွင့်ရဲ့ အဆိုပြုချက်ကို ယဉ်ကျေးစွာနဲ့ ငြင်းပယ်ခဲ့တာ ဖြစ်ပါတယ်။ မက်ဆီဟာ ပြီးခဲ့တဲ့ရာသီတုန်းက နေမာ မပါဝင်နိုင်တဲ့ ပြင်သစ်ဖလားပွဲစဉ်မှာလည်း ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ခဲ့ဖူးပြီး နိစ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက် ပင်နယ်တီ အဆုံးအဖြတ်မှာ ၆-၅ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။
ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလား ၂ ခုစလုံးကို အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီးနောက် ပြင်သစ်ဖလားဟာ လီယွန်နယ် မက်ဆီ ကိုင်မြှောက်နိုင်ခြင်းမရှိသေးတဲ့ တစ်ခုတည်းသော ဖလားဖြစ်ခဲ့တာ ဖြစ်ပါတယ်။