နေပြည်တော်ကတိုင်းစစ်ဌာနချုပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်သည်တစ်ဦးမှာ COVID 19 ရောဂါပိုးတွေ့ရှိကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှသိရပါတယ်။
လူနာက နေပြည်တော်က တိုင်းစစ်ဌာချုပ်မှာ ရုံးတာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပြီး လက်ရှိမှာ သူနဲ့ထိတွေ့ခဲ့တဲ့ ရုံးဝန်ထမ်းအားလုံးကို စစ်ဆေးမှုတွေလုပ်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက Duwun ကိုပြောပါတယ်။
“ ရောဂါပိုးတွေ့ရှိတာဟုတ်ပါတယ်။ အခုတော့ သူ့ရဲ့နောက်ကြောင်းကို အကုန်ပြန်လိုက်နေပါတယ်။ လက်ရှိသိရသလောက် တစ်လအတွင်း ခရီးသွားရာဇဝင်မရှိထားဘူးလို့ သိရပါတယ်။ ရုံးတွင်းကူးစက်မှုရှိ၊ မရှိသိရအောင်လည်း သူ့မှာရောဂါပိုးရှိတယ်လို့ သိရပြီးကတည်းက ထိတွေ့ခဲ့သူတွေအားလုံးကို စစ်ဆေးမှုတွေလုပ်နေပါပြီ”လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
ရောဂါပိုးတွေ့ရှိခဲ့တဲ့ စစ်သည်က ဧပြီလ(၃၀)ရက်နေ့စပြီး ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ဝမ်းပျက်ဝမ်းလျှောခြင်း ဝေဒနာတွေခံစားခဲ့ရလို့ တပ်မတော်ရှိ ကုသဆောင်မှာ စောင့်ကြည့်ကုသမှုပေးခဲ့တယ်လို့ သိရပါတယ်။
ဓာတ်ခွဲစစ်ဆေးချက်အဖြေအရ ဒီကနေ့ မနက်ပိုင်းကပဲ ရောဂါပိုးတွေ့ရှိကြောင်းအတည်ပြုနိုင်ခဲ့တာပါလို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။
လက်ရှိမှာတော့ လူနာရဲ့ ကျန်းမာရေးကကောင်းမွန်လျှက်ရှိပြီး တပ်မတော်က ကြိုတင်ပြင်ဆင်ထားတဲ့ COVID 19 ကုသရေးဆေးရုံမှာပဲ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။
တပ်မတော်နယ်မြေအတွင်းမှာ အခုလိုစစ်သည်တစ်ဦးရောဂါကူးစက်ခံရတာက ပထမဆုံးဖြစ်လို့ ရောဂါကူးစက်ခံရတဲ့ အကြောင်းအရင်းတွေကို သေချာစစ်ဆေးနေပြီး ထိန်းချုပ်ကာကွယ်ရေးအပိုင်းတွေကို စနစ်တကျလုပ်ဆောင်သွားမယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကပြောပါတယ်။