ကြိုတင်ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ တာဝန်ခံ ဒေါက်တာသီတာလှ (ဒုတိယညွှန်ကြားရေးမှူးချုပ်) က ဒီကနေ့ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီးမှာ Covid-19 လူနာတွေကို သီးခြားကုသနိုင်ဖို့ ICU အခန်းမှာ ကုတင် လေးလုံး ပြင်ဆင်ထားရှိတယ်လို့ သိရပါတယ်။ နေပြည်တော်မှာ ဆေးကုသမှုခံယူပြီး ပျောက်ကင်းသွားခဲ့တဲ့ ဆွစ်ဇာလန်နိုင်ငံသူ ကိုဗစ်လူနာကတော့ ICU မသုံးရဘဲ သာမန်အဆင့်နဲ့ ပျောက်ကင်းသွားခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့မှာ ပြုလုပ်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရဲ့ အွန်လိုင်းဆွေးနွေးမှု တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်မှာ နေပြည်တော်ဆေးရုံရဲ့ အခြေအနေတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က မေးမြန်းခဲ့တာဖြစ်ပြီး ကြိုတင်ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ တာဝန်ခံ ဒေါက်တာသီတာလှ (ဒုတိယညွှန်ကြားရေးမှူးချုပ်)က ပြန်လည် ဖြေဆိုခဲ့တာဖြစ်ပါတယ်။

"နေပြည်တော်မှာ နေပြည်တော်ပြည်သူ့ဆေးရုံကြီးကို ကိုဗစ် လူနာ ကုသဖို့ သတ်မှတ်ခဲ့ပါတယ်။ နေပြည်တော် ပြည်သူ့ဆေးရုံကြီးမှာတော့ ကိုဗစ်လူနာတွေ လာရင်ထားမယ့် ICU BED ကို သီးခြားလေးကုတင်ပြင်ဆင်ပြီးတော့ ထားထားပါတယ်။ ICU Bed အနေအထားကတော့ လိုအပ်ချက်တွေရှိနေပြီး အားနည်းနေပါတယ်။ နေပြည်တော်မှာ ရှိခဲ့တဲ့ ကိုဗစ်လူနာ ဆွစ်ဇာလန်နိုင်ငံသူကတော့ သူကိုယ်တိုင်လည်း Quarantine သေချာလုပ်ခဲ့တယ်၊ ဆေးရုံရောက်တော့လည်း ICU မသုံးရဘဲ သာမန်ကိုဗစ်လူနာလိုပဲ ကုသမှုပေးခဲ့ပြီး သက်သာပျောက်ကင်းသွားခဲ့ပြီး နယူးဧရာဟိုတယ်မှာပဲ ထပ်ပြီး Quarantineထားရှိခဲ့ပါတယ်။"လို့ ကြိုတင်ပြင်ဆင်ခြင်းနှင့် စီမံခန့်ခွဲခြင်းဆိုင်ရာ တာဝန်ခံ ဒေါက်တာသီတာလှ (ဒုတိယညွှန်ကြားရေးမှူးချုပ်)ဒေါက်တာသီတာလှ ဆိုပါတယ်။

လေးကုတင်သာ ရှိနေတဲ့အတွက် လူနာတွေ အများကြီးရောက်လာခဲ့ရင် ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ မေးခွန်းကိုတော့ နေပြည်တော်မှာ ကိုဗစ်အတွက် မဟုတ်ဘဲ General ICU အတွက် ကုတင်ကိုးလုံး ထားရှိတာဖြစ်တဲ့အတွက် လိုအပ်လာခဲ့မယ်ဆိုရင် အဲဒီ ကုတင်ကိုးလုံးကို ကိုဗစ် လူနာတွေအတွက် အသုံးပြုမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။

ဧပြီလကုန်ကစပြီး နိုင်ငံရပ်ခြားကို သွားရောက်အလုပ်လုပ်သူတွေ မြန်မာနိုင်ငံကို ပြန်လည်ဝင်ရောက်လာကြတော့မှာဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် သိန်းဂဏန်းကျော်ရှိနိုင်ကြောင်းကိုလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ဒီကနေ့မှာ ပြောကြားသွားခဲ့ပါတယ်။

Share

Loading Next Article...
က္က