ယခုကာလမှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ဆင်ခြင်ဖို့လိုအပ်ဟုဆို

သင်္ကြန်ကာလအတွင်း နေပြည်တော်မှာ ရေထွက်ပက်ဖို့ ခွင့်ပြုမှာ မဟုတ်သလို မဏ္ဍပ်ဆိုရင်လည်း အုန်းလပ်မဏ္ဍပ်တောင်မှ ဆောက်လုပ်ခွင့်မရှိဘူးလို့ နေပြည်တော်ကောင်စီ ဒုမြို့တော်ဝန် ဦးရဲမင်းဦးက ပြောလိုက်ပါတယ်။

Photo- ယခင်နှစ်သင်္ကြန်ကာလပုံရိပ်များ။



“ရေထွက်မပက်ဖို့ ကိစ္စကို တားမယ်။ မဏ္ဍပ်ဆိုရင် မဏ္ဍပ်အကြီးမှ မဟုတ်ဘူး။ အုန်းလက်မဏ္ဍပ်တောင် ကျွန်တော်တို့ ခွင့်မပြုဘူး။ ဒါတွေကို စည်ပင်သာယာက ကြီးကြပ်ပြီး ဆောင်ရွက်မယ်” လို့ ဒုမြို့တော်ဝန် ဦးရဲမင်းဦးက ပြောပါတယ်။ ဒါ့အပြင် အိမ်ရှေ့မှာ ရေခွက်နဲ့ ထွက်ပက်တဲ့ကိစ္စတွေကိုတော့ ပြောလို့မရနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ရှောင်ရှားကြဖို့ကိုလည်း ဒုမြို့တော်ဝန်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

“ ကိုယ့်အိမ်ရှေ့ကို ရေခွက်နဲ့ထွက်ပက်တဲ့ကိစ္စကို ဘာမှတော့ ပြောလို့မရဘူး။ သားသမီးက ရေပုံးဆွဲပြီး ထွက်လာရင် မိဘက တားရမယ်။ဒီကာလမှာ ရေစိုသွားရင် ရောဂါပိုးကူးဖို့ ပိုပြီး အခွင့်အလမ်းများမယ်။ နေပူထဲမှာ ရေလောင်းလိုက်လို့ အပူရှပ်ပြီး ဖျားရင်လည်း ဆေးရုံရောက်မယ်။ အဲဒီခါကျရင် ဆေးရုံမှာလည်း ဝန်ထုပ်ဝန်ပိုးဖြစ်တယ်။အပို့ခံရသူကလည်း သောကတွေဖြစ်တယ်။ တတ်နိုင်သမျှ ဒီအချိန်မှာ ကိုယ့်အသိစိတ်ဓာတ်နဲ့ ကိုယ်ဆင်ခြင်ရမယ်” လို့လည်း ဒုမြို့တော်ဝန်က ဆိုပါတယ်။

နေပြည်တော်ကောင်စီနယ်မြေအတွင်းမှာ သင်္ကြန်ကာလအတွင်း လူစုလူဝေမလုပ်ကြဖို့နဲ့ ကျန်းမာရေး ဂရုပြုနေထိုင်ကျဖို့ကိုလည်း သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာတွေမှာ အသံချဲ့စက်များနဲ့ လိုက်လံသတိပေးမှုတွေ ပြုလုပ်နေပြီးတော့ COVID-19 ရောဂါအန္တရာယ်ကို ကာကွယ်ဖို့ နည်းလမ်းတွေကို အသိပေး ဆောင်ရွက်မှုတွေကိုပြုလုပ်နေတာဖြစ်ပါတယ်။

သင်္ကြန်ကာလရုံးပိတ်ရက်အတွင်းမှာ ရန်ကုန်တိုင်းအတွင်းနေထိုင်ကြသူတွေအနေနဲ့လည်း မဖြစ်မနေဆောင်ရွက်ရမယ့် ကျန်းမာရေးကိစ္စနဲ့ အစားအသောက်ဝယ်ယူခြင်းမှလွဲပြီး နေအိမ်ကအပြင်မထွက်ကြဖို့ကို တိုင်းအစိုးရက ညွှန်ကြားချက်ထုတ်ပြန်ထားသလို မန္တလေးမြို့မှာဆိုရင်လည်း သင်္ကြန်ပွဲတော်မှာ ရေကစားခွင့်မရှိဘူးလို့လည်း ကြေညာချက်တွေ ထုတ်ပြန်ထားပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က