ဘရိုက်တန်ကိုရှုံးတဲ့ပွဲအပြီးမှာ ပြောကြားသွားခဲ့တာပါ။

စပါးနည်းပြ ကွန်တီက ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ ရာသီဥတုကို ဟာသလုပ်အကြောင်းပြချက်ပေးသွားခဲ့ပါတယ်။ အိမ်ကွင်းမှာ ကစားခဲ့ရပေမယ့် ကွန်တီရဲ့စပါးက ပုံစံကောင်းပျောက်ဆုံးခဲ့ပြီး ဘရိုက်တန်ကို ၀-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာပါ။



ဒီပွဲမှာ စပါးက ပြိုင်ဘက်ဂိုးပေါက်ကို တကြိမ်တောင်တည့်မတ်အောင် မခြိမ်းခြောက်နိုင်ခဲ့ဘဲ ပွဲပြီးခါနီးမှာ ထရော့ဆက်ရဲ့ တလုံးတည်းသောသွင်းဂိုးကို ခွင့်ပြုလိုက်ရပါတယ်။ စပါးဟာ ဒီပွဲရလဒ်ကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ဖိအားပိုမိုများပြားခဲ့ရပါတယ်။

ပွဲအပြီးမီဒီယာတွေနဲ့ တွေ့ဆုံရာမှာတော့ ကွန်တီက “ကျနော်တို့ ပွဲအထ အရမ်းနှေးခဲ့ပါတယ်။ အထူးသဖြင့် ဒီလိုပွဲမျိုး၊ နည်းဗျူဟာပိုင်းအားပြိုင်တဲ့ပွဲမျိုးမှာ ကျနော်တို့ ဘောလုံးကို လျင်လျင်မြန်မြန်နဲ့ ကစားနိုင်ရမှာပါ။ နောက်ပြီး ဂိုးရဖို့အတွက် နေရာလွတ်တွေ၊ တိုက်စစ်ဆင်မှုတွေရအောင် ကြိုးစားခဲ့သင့်ပါတယ်။ ဒီနေ့တော့ ကျနော်တို့ ကစားပုံအရမ်းကို နှေးကွေးခဲ့ပါတယ်”

“ဒါက ရာသီဥတုကြောင့်လည်းဖြစ်မှာပါ။ နွေဦးရာသီရောက်ပြီလေဗျာ။ ကျနော့်အတွက် နောက်ထပ် အကြောင်းပြချက် ရှာချင်ပေးပါသေးတယ်။ သေချာတာကတော့ ကျနော်တို့အတွက် ဘရိုက်တန်နဲ့ပွဲက ကောင်းမွန်တဲ့ပွဲတပွဲမဟုတ်ခဲ့ပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။

စပါးဟာ ဒီပွဲမတိုင်ခင်မှာ ဆက်တိုက် တိုက်စစ်အစွမ်းပြခဲ့ပေမယ့် ဒီပွဲမှာတော့ ဟာရီကိန်း၊ ဆွန်ဟောင်မင်၊ ကူလူဆက်ဗ်စကီးတို့ ပုံမှန်ခြေစွမ်းပျောက်ဆုံးခဲ့ပါတယ်။ ဘရိုက်တန်ကတော့ အာဆင်နယ်ကိုရော၊ အခု စပါးကိုပါ အဝေးကွင်းမှာ နှစ်ပွဲဆက် အနိုင်ရရှိခဲ့ပါတယ်။

စပါးနဲ့အာဆင်နယ်တို့ ထိပ်တိုက်တွေ့မယ့်ပွဲလည်း ကျန်ရှိနေဆဲဖြစ်တာကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အားပြိုင်မှုက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းလာပါပြီ။ ဒါပေမယ့် ကွန်တီကတော့ စပါးရော၊ အာဆင်နယ်ရော ယူနိုက်တက်ကို ကျော်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ အလွန်ခက်ခဲတယ်လို့ ပြောကြားခဲ့ဖူးပါတယ်။ 

Share

Loading Next Article...
က္က