ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ကြီးမှူးပြီး လာမယ့် စက်တင်ဘာ ဒုတိယအပတ်မှာ Myanmar Cyber Security Challenge (၂၀၂၂) ပြိုင်ပွဲကို ကျင်းပသွားမယ်လို့ ဆိုပါတယ်။
Myanmar Cyber Security Challenge (၂၀၂၂) ပြိုင်ပွဲကို လာမယ့် စက်တင်ဘာဒုတိယပတ် နေပြည်တော် အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနအဆောက်အဦမှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့ Myanmar Computer Emergency Response Team - mmCERT က ထုတ်ပြန်ပါတယ်။ Myanmar Cyber Security Challenge (၂၀၂၂) ပြိုင်ပွဲမှာ တစ်သင်းကို ပြိုင်ပွဲဝင် ၃ ဦးနှုန်းနဲ့ အသင်း ၂၀ လက်ခံ ယှဉ်ပြိုင်စေမှာ ဖြစ်ပြီး ပြိုင်ပွဲဝင်ခွင့်ရစာရင်းကို လာမယ့် စက်တင်ဘာ ၅ ရက်နေ့ ကြေညာသွားမယ်လို့ ဆိုပါတယ်။
ပြိုင်ပွဲဆုကြေးကိုတော့ Myanmar Cyber Security Challenge ၂၀၁၉ ပွဲအတိုင်း ပထမဆု ၁၅ သိန်း ၊ ဒုတိယဆု ၁၀ သိန်း နဲ့ တတိယဆု ၇ သိန်း ချီးမြှင့်သွားမှာ ဖြစ်ပြီး ပြိုင်ပွဲအတွက် အသက်ကန့်သတ်ထားခြင်းတော့ မရှိပါဘူး။ ၂၀၂၂ နိုဝင်ဘာ ၁၁ ရက်မှာ အသက် ၃၀ ပြည့်မယ့် ပြိုင်ပွဲတွေအနေနဲ့ နိုဝင်ဘာ ၁၁ ရက် ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ASEAN Cyber SEA Game ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
Myanmar Cyber Security Challenge (၂၀၂၂) ပြိုင်ပွဲမှာ Web Security ၊ Forensics ၊ Cryptography ၊ Reverse Engineering ၊ Binary Exploits (Pwn) စတဲ့ ကဏ္ဍ ၅ ရပ်ကို သတ်မှတ်အချိန်အတွင်း ဖြေဆိုယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ပြိုင်ပွဲလျှောက်လွှာကို လာမယ့် စက်တင်ဘာ ၂ ရက်နေ့မှာ ပိတ်မှာ ဖြစ်ပြီး စိတ်ဝင်စားသူတွေအနေနဲ့ ပြိုင်ပွဲဝင် လျှောက်လွှာကို https://mmcert.org.mm/RegistrationForm2022.pdf လင့်ခ်မှာ Download ဆွဲရယူနိုင်ပါတယ်။
.
ပြိုင်ပွဲဝင်လျှောက်လွှာတွေကို စက်တင်ဘာ ၂ ရက်နေ့ထက် နောက်မကျစေဘဲ နေပြည်တော် ၊ ဇမ္ဗူသီရိမြို့နယ် ၊ ဇမ္ဗူကျက်သရေလမ်း ၊ အမျိုးသားဆိုက်ဘာလုံခြုံရေးဗဟိုဌာနကို လူကိုယ်တိုင်ဖြစ်စေ ctf@ncsc.gov.mm ကို အီးမေးလ်ပို့ပြီး ဖြစ်စေ ပေးပို့နိုင်သလို ပြိုင်ပွဲအကြောင်း အသေးစိတ် သိလိုပါကလည်း ဖုန်းနံပါတ် ၀၆၇-၃၄၂၂၂၇၂ ကို ဆက်သွယ်နိုင်တယ်လို့ ပြိုင်ပွဲကျင်းပရေး ကော်မတီက ကြေညာထားပါတယ်။
၂၀၁၅ ခုနှစ်ကတည်း စတင်ကျင်းပလာခဲ့တဲ့ Myanmar Cyber Security Challenge ပြိုင်ပွဲတွေဟာ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့ ၊ လူငယ်ထုအကြား ဆိုက်ဘာလုံခြုံရေးနဲ့ ဆိုင်တဲ့ အသက်မွေးမှုအခွင့်အလမ်းတွေ ပေါ်ပေါက်လာဖို့ နဲ့ ဆိုက်ဘာလုံခြုံရေးနယ်ပယ်အပေါ် စိတ်ဝင်စားမှုမြင့်မားလာစေဖို့ ရည်ရွယ်ပြီး ကျင်းပလာနေတာလို့ ဆိုပါတယ်။ ပြိုင်ပွဲအကြောင်း အသေးစိတ်အချက်အလက်တွေကို Myanmar Computer Emergency Response Team - mmCERT ရဲ့ Facebook စာမျက်နှာမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Myanmar Cyber Security Challenge 2019 Final Result (Photo: mmCERT)
ပြီးခဲ့တဲ့ Myanmar Cyber Security Challenge ပြိုင်ပွဲမှာ ဆုရခဲ့တဲ့ ပြိုင်ပွဲဝင်တွေကို စင်ကာပူနိုင်ငံ Singapore Cyber Conquest ပြိုင်ပွဲ ၊ ဩစတြေးလျနိုင်ငံ ACSC CTF ပြိုင်ပွဲ ၊ ထိုင်းနိုင်ငံ ASEAN Cyber SEA Game ပြိုင်ပွဲနဲ့ ဗီယက်နမ်နိုင်ငံမှာ ကျင်းပတဲ့ ASEAN Students Contest On Information Security ပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်စေခဲ့တယ်လို့လည်း သိရပါတယ်။