ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကူးစက်မှုများ မြင့်တက်လာနေမှုကို WHO က စိုးရိမ်ပူပန်နေပါတယ်။

COVID-19 ကပ်ရောဂါ စတင်ဖြစ်ပွားခဲ့တဲ့ ယမန်နှစ် ဒီဇင်ဘာလကုန်မှစပြီး တစ်ကမ္ဘာလုံးမှာ ကူးစက်ခံရသူ နေ့စဥ် အသစ်တွေ့ရှိရမှု အမြင့်ဆုံးအဖြစ် စံချိန်တင်ခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (World Health Organization - WHO) က သတင်းထုတ်ပြန်ပါတယ်။

(Photo: Marco Longari/AFP)

မေ ၂၀ ရက်နေ့မှာ WHO ရဲ့ ထုတ်ပြန်မှုအရ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကမ္ဘာတစ်ဝှမ်းမှာ COVID-19 အတည်ပြုလူနာ ၁၀၆,၀၀၀ တိုးလာခဲ့ပြီး လက်ရှိအချိန်အထိ နေ့စဥ် ကူးစက်ခံလူနာ အသစ်တွေ့ရှိရမှု အများဆုံးဖြစ်ကြောင်း သိရပါတယ်။ ချမ်းသာကြွယ်ဝတဲ့ နိုင်ငံအများအပြားက lockdown ပိတ်ပင်ကန့်သတ်မှုတွေ စတင်ဖြေလျှော့နေခဲ့စဥ် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ကူးစက်မှုများ မြင့်တက်လာနေမှုကို WHO က စိုးရိမ်ပူပန်နေပါတယ်။



"ကျွန်တော်တို့ ဒီကပ်ရောဂါကာလထဲမှာ ရှေ့ဆက်သွားဖို့ ခရီးရှည်ရှိနေဆဲပါ၊ ဝင်ငွေနည်းပါးတဲ့ နိုင်ငံတွေနဲ့ ဝင်ငွေအလယ်အလတ် နိုင်ငံတွေမှာ ကူးစက်မှုတွေ တိုးမြင့်လာတာကို ကျွန်တော်တို့ အလွန်စိုးရိမ်ပါတယ်" လို့ WHO အကြီးအကဲ Tedros Adhanom Ghebreyesus က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

(Photo: Brendan McDermid/Reuters)

WHO ဟာ COVID-19 ကူးစက်ဖြစ်ပွားမှုကိစ္စမှာ စီမံဆောင်ရွက်မှု မှားယွင်းခဲ့ကြောင်းနဲ့ တရုတ်နိုင်ငံကို မျက်နှာသာပေး ဘက်လိုက်မှုတွေရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝေဖန်ခဲ့ပါတယ်။ ထရန့်က WHO ကနေ အပြီးတိုင် နုတ်ထွက်မယ်လို့လည်း ယခုသီတင်းပတ်အတွင်း ခြိမ်းခြောက်ခဲ့ပါတယ်။

လက်ရှိမှာ အမေရိကန်က ကမ္ဘာတစ်ဝှမ်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး နိုင်ငံဖြစ်နေပြီး ကူးစက်ခံရသူ ၁.၅ သန်းကျော်နဲ့ သေဆုံးသူ ၉၄,၀၀၀ ကျော်အထိ ရှိခဲ့ပါတယ်။ လတ်တလော ရက်ပိုင်းအတွင်း ရုရှားနဲ့ ဘရာဇီးနိုင်ငံတွေမှာလည်း ကူးစက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ လက်ရှိအချိန်အထိ တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်ခံရသူ အရေအတွက် ၅ သန်းကျော်လွန်လာခဲ့ပြီး သေဆုံးသူ ၃၂၀,၀၀၀ ကျော်ရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က