နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ထိပ်တိုက်တွေ့ ပဋိပက္ခဖြစ်ပွားတဲ့ အဓိက နေရာတွေကနေ ၎င်းတို့ရဲ့တပ်ဖွဲ့များ ပြန်ရုပ်သိမ်းရန် အိန္ဒိယနဲ့ တရုတ် စစ်ဗိုလ်ချုပ်များ ဆွေးနွေးမှုဟာ မတိုးသာမဆုတ်သာ အခြေအနေဖြင့် သဘောတူညီမှုမရခဲ့ကြောင်း နှစ်ဘက်လုံးက ယနေ့ (အောက်တိုဘာ ၁၁ ရက်) ထုတ်ပြန်ပါတယ်။
(ဖေဖေါ်ဝါရီ ၁၀ ရက်က အိန္ဒိယနဲ့ တရုတ် စစ်တပ်အရာရှိများ နယ်စပ်မှာတွေ့ဆုံခဲ့စဥ်) (Photo: AP)
အိန္ဒိယနဲ့ တရုတ် စစ်တပ်နှစ်ခုကြား ဆွေးနွေးမှု မအောင်မြင်ခဲ့တာကြောင့် နယ်စပ်ဒေသမှာ နှစ်ဘက်တပ်ဖွဲ့ဝင်များကြား ၁၇ လကြာ ထိပ်တိုက်တွေ့တင်းမာမှုကို လျှော့ချထိန်းသိမ်းနိုင်ခဲ့ခြင်းမရှိ ဖြစ်ခဲ့ပါတယ်။ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ နယ်စပ်ဒေသမှာ အိန္ဒိယနဲ့ တရုတ် တပ်ဖွဲ့များကြား ထိပ်တိုက်တွေ့ပဋိပက္ခတွေကြောင့် တစ်ခါတရံ လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။
ယခုဆွေးနွေးမှု မအောင်မြင်ခဲ့တာကြောင့် နှစ်နိုင်ငံလုံးက အန္တရာယ်ရှိတဲ့အထိ အေးခဲလေ့ရှိတဲ့ ဆောင်းရာသီအတွင်း Ladakh နယ်စပ်ဒေသ ရှေ့တန်းနေရာမှာ ၎င်းတို့ရဲ့ တပ်ဖွဲ့တွေကို ဆက်လက်တပ်စွဲထားစေမှာ ဖြစ်ပါတယ်။ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်မှုအရ ၎င်းတို့ဘက်က အပြုသဘောဆောင်တဲ့ အဆိုပြုချက်တွေ ပေးခဲ့ပေမဲ့ တရုတ်ဘက်က သဘောမတူနိုင်ဘဲ ရှေ့ဆက်ရန် မျှော်လင့်စေနိုင်ရန် ကမ်းလှမ်းချက်မရှိခဲ့ဘူးလို့ ဆိုပါတယ်။
(အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ တောင်တန်းများ) (Photo: AP)
တရုတ်စစ်တပ်ကလည်း အိန္ဒိယဘက်က အကျိုးအကြောင်းသင့်မဟုတ်ဘဲ လက်တွေ့မဆန်တဲ့ တောင်းဆိုမှုတွေရှိခဲ့ပြီး ဆွေးနွေးညှိနှိုင်းရန် အခက်အခက်တွေ ဖြစ်စေခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံစစ်ဗိုလ်ချုပ်တွေဟာ ယမန်နေ့ (အောက်တိုဘာ ၁၀ ရက်) က တွေ့ဆုံဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ တရုတ် နှစ်နိုင်ငံနယ်စပ်ရှိ Ladakh ဒေသဟာ ဇန်နဝါရီလဝန်းကျင်မှာ အပူချိန် အနုတ် ၃၀ ဒီဂရီဆဲလ်စီးယပ်အထိ ကျဆင်းလေ့ရှိပါတယ်။ ယမန်နှစ်အတွင်း အငြင်းပွားနယ်စပ်တစ်လျှောက် နှစ်နိုင်ငံ တပ်ဖွဲ့ဝင်တွေကြား ထိပ်တိုက်တွေ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ အိန္ဒိယစစ်သား ၂၀ ဦးနဲ့ တရုတ်စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း AP သတင်းက ဖော်ပြပါတယ်။