တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့ကို အဆင့်မြှင့်တင်ပြီး ကုန်းတွင်းဇုန် ပြုလုပ်မယ့်စီမံချက်ကြောင့် ဂိုဒေါင်တချို့ဖျက်တော့မှာဖြစ်လို့ ဂိုဒေါ င်ထဲက မြန်မာကုန်သည်တွေရဲ့ပစ္စည်းတွေကို ရွှေ့ပြောင်းသယ်ယူပေးဖို့ အကြောင်းကြားလာတယ်လို့ လုပ်ငန်းရှင်တွေ ဆီက သိရပါတယ်။
လက်ရှိ နယ်စပ်ဂိတ်တွေကနေ ကုန်တင်သွင်းခွင့်၊သယ်ယူခွင့်တွေ ပိတ်ထားချိန်မှာ အခုလိုဂိုဒေါင် ထဲက ပစ္စည်းတွေရွှေ့ပြောင်းပေးဖို့ ပြောဆိုတာကြောင့် လုပ်ငန်းရှင်တွေအတွက် ပစ္စည်းဆုံးရှုံးမှုတွေအပြင်၊ သယ်ယူစရိတ်ကြီးမြင့်မှုတွေ၊အလုပ်သမားကုန်ကျစရိတ် စတာတွေအတွက် ဆုံးရှုံးမှုအခက်အခဲတွေ ရင်ဆိုင်ရနိုင်တယ်လို့သိရပါတယ်။
ကုန်ပစ္စည်းတွေ ခေါက်တို သယ်ယူစရိတ်ကလည်း ပုံမှန်ဆိုရင် တရုတ်ငွေ ၃၀၀ ယွမ် ဝန်းကျင် သာ ပေးရပေမဲ့ လက်ရှိကာလမှာတော့ ယွမ် ၁၅၀၀ လောက် ပေးရမှာဖြစ်တယ်လို့ သိရပါတယ်။
" ဂိတ်တွေပိတ်ထားကတည်းက ဂိုဒေါင်ငှါးပြီး ပစ္စည်းတွေသိမ်းထားရတာ။ အခုအဲ့ဒါကိုရွှေ့ပြောင်းရမယ်ဆိုတော့ စရိတ်တွေအတော်လေးထပ်ကုန်မယ်။ ဘာလို့ဆိုတော့ နောက်တစ်နေရာငှားရမယ်၊အလုပ်သမားငှားပြီးလွှတ်ရမယ်၊ပစ္စည်းတင်ချ၊ သယ်ပြောင်းငှါးရမယ်၊ အလုပ်သမားကွာရန်တင်းထားပေးရမယ်၊ကားက ၆ ဘီးကားငှားရမယ်။ တခြားကုန်ကျတာတွေရှိမယ်။ ဘယ်လိုမှအဆင်မပြေဘူး။ ဒီတော့ မြန်မာပြည်ထဲကိုသယ်ခွင့်ရဖို့တော့ ကြိုးစားနေတယ် " လို့ မြန်မာလုပ်ငန်းရှင်တစ်ဦးကပြောပါတယ်။
ဒါကြောင့်ကျယ်ဂေါင်ဘက်က မြန်မာကုန်ပစ္စည်းတွေ ရွှေ့ပြောင်းပေးဖို့ ဖိအားပေးခံရတာနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ဆွေးနွေးညှိနိူင်းကာ ပစ္စည်းတွေမြန်မာဘက်ကို သယ်ယူခွင့်ရရှိရေး လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
လက်ရှိ တရုတ်ပြည် ကျယ်ဂေါင်ဘက်မှာ မြန်မာဘက်ကို ဝင်ရောက်ခွင့်ရဖို့စောင့်နေတဲ့ ကုန်ပစ္စည်းတွေက ကားအစီးရေ ၇၀၀ နဲ့ ၈၀၀ လောက်ရှိကြောင်း ၊ ထို့အတူ မြန်မာဘက်မှာလည်း ၁၀၅ မိုင်စခန်း၊ ကျင်စန်းကျော့ဂိတ်အသီးသီးမှာလည်း တရုတ်ဘက်ကို ဝင်ရောက်ဖို့စောင့်နေတဲ့ ဆန်နဲ့ဆန်ကွဲ ၊ ပဲမျိုးစုံ နဲ့တခြားပစ္စည်းမျိုးစုံတွေက တွဲကား အစီးရေ ၁၅၀၀ နဲ့ ၂၀၀၀ လောက်ရှိနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - ကျယ်ဂေါင်ဂရု
"သူတို့က ကားဂိတ်တွေမှာ ဂိုဒေါင်တွေရှိတယ်၊ တချို့ကလည်း ကုန်သည်တွေရှိတယ်။ မြန်မာပြည်က ကုန်သည်တွေက အဲဒီဂိုဒေါင်တွေမှာ ဆိုင်ကယ်တို့ အခြားကုန်ပစ္စည်းတွေ ထားရတာရှိတယ်။ထားရတော့ အခုက ကျယ်ဂေါင်မြို့ကို မြှင့်တင်မယ်၊ကုန်းတွင်းစီးပွားရေးဇုန်လုပ်မယ်၊ ပြန်ပြီးအဆင့်မြှင့်တင်မယ်ဆိုတဲ့ စီမံချက်ရှိတယ်။ ဒါကြောင့် ကုန်ပစ္စည်းတွေကိုအ ချိန်မီအခါမီ လာထုတ်ပါတဲ့ ၊အကြောင်းကြားပေမယ့်လည်း သွားလို့မရဘူး။ မြန်မာပြည်ထဲလည်းဝင်လာလို့ မရဘူး။ဘာလို့လဲဆိုတော့ တရုတ်ကကားအစီး ၁၀၀၀ ဝင်ရင် မြန်မာကလည်းကားအစီးရေ ၁၀၀၀ တရုတ်ကိုဝင်ခွင့်ပြုမှ ခွင့်ပြုမယ်ဆိုလို့ ကားတွေလုံးဝသွားလို့မရဘူး ဖြစ်တာပေါ့။ ဘာပဲပြောပြော မြန်မာပြည်ကိုပဲပြန်သွင်းဖို့ဆွေးနွေးရမှာပေါ့" လို့ မူဆယ် ဆန်စပါးကုန်စည်ဒိုင် ဒုတိယဥက္ကဌ ဦးမင်းသိန်းက ပြောပါတယ်။
လက်ရှိမှာတော့ တရုတ် - မြန်မာနယ်စပ်ဂိတ်တွေ ပြန်လည်ဖွင့်ဖို့ အတွက် နှစ်နိုင်ငံတာဝန်ရှိသူတွေ ဆွေးနွေးခဲ့ပေမယ့် တရုတ်ဘက်က ကုန်ကားတွေကိုသာ မြန်မာနိုင်ငံထဲ တင်သွင်းခွင့်ပြုပီး မြန်မာဘက်ကနေ ကုန်ကား ဝင်ရောက်ခွင့်မပြုဘူးလို့ တရုတ်ဘက်က ပြောဆိုခဲ့ တာကြောင့် ဂိတ်တွေပြန်ဖွင့်ဖို့ က ဆက်လက်ဆွေးနွေးရဦးမှာဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေအားလုံးကနေ ကိုဗစ်နဲ့ပတ်သက်တဲ့ဆေးပစ္စည်းတွေသာ မြန်မာဘက်ကိုတင်သွင်းခွင့်ရပြီး ကျန်တဲ့ကုန်တင်ပို့မှုအားလုံးပိတ်ထားတာကြောင့် လက်ရှိ တရုတ်-မြန်မာကုန်သွယ်ရေးက အားလုံးနီးပါးရပ်တန့်နေတဲ့အနေအထားဖြစ်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံဘက်ကနေ တရုတ်ကို နယ်စပ်ဂိတ်တွေတဆင့် စိုက်ပျိုးရေး လယ်ယာထွက်ကုန်တွေဖြစ်တဲ့ ဆန်၊ ဆန်ကွဲ၊ပဲ၊ပြောင်း၊နှမ်း၊သီးနှံ၊ကြက်သွန်နီ၊ကြံသကြား စတဲ့လယ်ယာထွက်ကုန်တွေကို အဓိက တင်ပို့နေတာဖြစ်ပါ တယ်။
လက်ရှိမှာတော့ တရုတ် မြန်မာ နယ်စပ်ဂိတ်တွေအားလုံးကနေ ကိုဗစ်နဲ့ပတ်သက်တဲ့ဆေးပစ္စည်းတွေသာ မြန်မာဘက်ကိုတင်သွင်းခွင့်ရပြီး ကျန်တဲ့ကုန်တင်ပို့မှုအားလုံးပိတ်ထားတာကြောင့် လက်ရှိ တရုတ်မြန်မာကုန်သွယ်ရေးက အားလုံးနီးပါးရပ်တန့်နေတဲ့အနေအထားဖြစ်တယ်လို့ သိရပါတယ်။
Share