လူကြမ်းသရုပ်ဆောင်တွေအတွက် ငွေကျပ်(၁၀)သိန်းလှူခဲ့တာဖြစ်ပါတယ်။

လူကြမ်းသရုပ်ဆောင်တွေအတွက် ငွေကျပ်(၁၀) သိန်းလှူဒါန်းခဲ့တဲ့ သရုပ်ဆောင် အကယ်ဒမီ နေတိုး ကို ဦးအောင်ခိုင်က ကျေးဇူးတင်စကားဆိုလာပါတယ်။ 

Photo: Wah Wah Aung



သရုပ်ဆောင်နေတိုးကတော့ COVID-19 ကာလမှာ မပြေလည်တဲ့အနုပညာလောကသားတွေ ဖြစ်တဲ့ လူကြမ်းသရုပ်ဆောင်များအတွက် ငွေကျပ်(၁၀) သိန်း လှူဒါန်းခဲ့တယ်ဆိုတာကို ကိုလူချောအဖွဲ့ ဥက္ကဌဖြစ်သူ ဦးအောင်ခိုင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ကိုနေတိုး က လူကြမ်းသရုပ်ဆောင်တွေ အကုန်လုံးအတွက် ရသလောက် မုန့်ဖိုးလေး ပေးချင်လို့ လာယူပေးပါဆိုလို့ ဦးအောင်ခိုင်သွားခဲ့တာပါ။ ကိုလူချော အဖွဲ့တွေရော၊ အဖွဲ့ဝင်မဟုတ်တဲ့ လူကြမ်းသရုပ်ဆောင်တွေရော အတွက် ငွေကျပ်(၁၀) သိန်းလှူခဲ့ပါတယ်။ ဒါကြောင့် အခု လူကြမ်းသရုပ်ဆောင်တွေ စာရင်းလိုက်ကောက်နေတာပါ။ လောလောဆယ်တော့ (၂၅) ယောက်ရှိပြီ။ လူအယောက်(၁၀၀) ဆိုရင် တစ်ယောက် တစ်သောင်း၊ (၁၁၀) ဆိုရင် တစ်ယောက် ကိုးသောင်းပေါ့ အညီအမျှ ခွဲဝေပေးသွားမှာပါ။ တစ်ယောက်မှ မကျန်အောင် သေသေချာချာ လိုက်စိစစ်ပြီးမှ ပေးဖို့ စီစဉ်နေတယ်”လို့ ဆိုပါတယ်။ 

Photo: Wah Wah Aung

ဦးအောင်ခိုင်ဟာ နေတိုး လှူဒါန်းထားတဲ့ ငွေကျပ်(၁၀) သိန်းကို မေလ ၂၂ ရက်နေ့မှာ ပြုလုပ်မယ့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးရဲ့ အလှူမှာ ထည့်သွင်းပေးအပ်သွားဖို့ စီစဉ်ထားတယ်လို့လည်း ပြောပါတယ်။ နေတိုးရဲ့ အလှူအတွက် လူကြမ်းသရုပ်ဆောင် ဘယ်သူ့မှ မကျန်အောင်လို့လည်း ကိုလူချော အဖွဲ့သားတွေနဲ့ အတူ မြို့နယ် အလိုက် စာရင်းကောက်ထားတယ်လို့လည်း ဦးအောင်ခိုင်က Duwun Media အင်တာဗျူးမှာ ဖြေဆိုထားပါသေးတယ်။ 

Photo: Nay Toe

အနုပညာလောကသားအချင်းချင်း COVID-19 ကာလမှာ အခုလို ကူညီပေးမှု အပေါ်မှာလည်း အင်မတန်မှ ဝမ်းသာပီတိဖြစ်ရတယ်လို့ ဦးအောင်ခိုင်က ပြောပြလာပါတယ်။ 

“ ဒီကာလမှာ အခုလို လှူဒါန်းကြတဲ့အပေါ် ဝမ်းသာပီတိဖြစ်ရပါတယ်။ သူ ဘယ်လောက် လှူလှူပါ ဆန်တစ်ပြည်ပဲ လှူလှူ၊ ဆီ(၁၀) သားပဲ လှူလှူ၊ ပိုက်ဆံ ၁၀၀၀ ပဲ လှူလှူ ဒီအချိန်မှာ အနည်းနဲ့အများ အဆင်မပြေမှုလေးတွေရှိကြတော့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်တွေအပေါ်မှာ စေတနာပါပါ လှူတာကို ကျေလည်း ကျေနပ်တယ်။ အများအတွက် ပီတိလည်း ဖြစ်ပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Nay Toe

ဦးအောင်ခိုင်(Aung Khine)ဟာ လက်ရှိမှာလည်း ကိုလူချောအဖွဲ့ရဲ့ ဥက္ကဌအဖြစ် ဆောင်ရွက်နေသူဖြစ်ပါတယ်။ အဲဒီနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှာလည်း အမှုဆောင် တစ်ယောက်အဖြစ် ပါဝင်ဆောင်ရွက်နေတာဖြစ်ပါတယ်။ သူဟာ ''ငရဲသား'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုကို ရရှိခဲ့ပါတယ်။ အခုချိန်ထိလည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေရသူ ဖြစ်ပါတယ်။ အနုပညာသက်တမ်းတွေကလည်း နှစ်ပေါင်း ၂၀ ကျော် ၃၀ နီးပါးလောက်ရှိပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က