ဘုန်းသီရိကျော်ဟာ "Never Turn Back" သီချင်းလေးထဲမှာ ဂီတကို ဝါသနာပါတဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။
Photo: "Never Turn Back" (MV)
သရုပ်ဆောင် ဘုန်းသီရိကျော်ကတော့ အဆိုတော်ငွေဇင်လှိုင်းသီဆိုထားတဲ့ "Never Turn Back" ဆိုတဲ့ Music Video လေးမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ ဒီသီချင်းထဲမှာ ဘုန်းသီရိကျော်ရဲ့ သရုပ်ဆောင်မှုတွေအပေါ် ပရိသတ်တွေရဲ့ အားပေးမှုတွေ အများကြီး ရရှိခဲ့တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။
" Never Turn Back သီချင်းထဲမှာ တကယ်တော့ ကိုယ်က အကြီးအကျယ်လည်း မငိုတတ်၊ မျက်ရည်မကျမှာလည်း ကြောက်တယ်။ အဲဒီတော့ ကိုယ့်ရဲ့ အဖေကာရိုက်တာအဖြစ် သရုပ်ဆောင်မယ့် ဦးလေးက ညီမခေါင်းကို ဖြေးဖြေးထိုးလိုက်တဲ့အချိန်မှာ အရမ်းလန့်ပြီးတော့ အရမ်းငိုမိသွားတာက အမှတ်တရပဲ။ Mood ပါသွားတယ်တော့ မဟုတ်ပေမယ့် မျက်ရည်ကျသွားတယ်၊ ဒါလေးကို ပရိသတ်က အားပေးတော့ အရမ်းကျေနပ်ပါတယ်" လို့ သူက ဆိုပါတယ်။
Photo: Phone Thiri Kyaw
ဘုန်းသီရိကျော်ဟာ"Never Turn Back" သီချင်းလေးထဲမှာ သူမရဲ့ ဝါသနာကို ပုံဖော်ခွင့်မပြုတဲ့ ဖခင်ကြောင့် အိမ်ပေါ်ကဆင်းပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ခဲ့တဲ့ မိန်းကလေးတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတာပါ။ ဒီသီချင်းကလည်း အဆိုတော် ငွေဇင်လှိုင်းရဲ့ ဘဝဖြတ်သန်းမှု အစိတ်အပိုင်းတစ်ခုကို ပုံဖော်ထားတဲ့ သီချင်းလေးပါ။ အပြင်လောကမှာတော့ သူမရဲ့ ဝါသနာအပေါ် မိဘနှစ်ပါးရဲ့ သဘောထားကို အခုလို ပြောပြလာပါတယ်။
" အပြင်မှာရှိတဲ့ အဖေ နဲ့ အမေက သားသမီးကို ရိုက်ပြီးတော့ မဆုံးမဘူးဆိုပြီးတော့ သတ်မှတ်ထားတဲ့ သူတွေပါ။ ညီမလည်း အရိုက်ခံရတယ်ဆိုတာ မရှိသလောက်ကို ရှားတဲ့သူ။ ညီမရဲ့ အလုပ်အပေါ်ကို ပိတ်ပင်တဲ့သူတွေတော့ မဟုတ်ဘူး။ သူတို့ မရိုက်တာရှိရင်တော့ မျက်စောင်းလေးတွေ ထိုးတတ်ကြတယ်။ တချို့ ကိစ္စလေးတွေကိုတော့ ညှိနှိုင်းရတာတွေရှိတာပေါ့" လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Phone Thiri Kyaw
ဘုန်းသီရိကျော်ဟာ အဆိုတော် ဇော်ပိုင်ရဲ့ "ပြည့်စုံလွန်း" ဆိုတဲ့ သီချင်း MTV လေးကနေတဆင့် အနုပညာလောက ထဲကို ဝင်ရောက်လာခဲ့သူပါ။ TV ကြော်ငြာများစွာလည်း ရိုက်ကူးထားတာ ဖြစ်ပြီး သရုပ်ဆောင်ဘက်ကိုလည်း ခြေလှမ်းစတင်နေ ပြီဖြစ်ပါတယ်။ ဘုန်းသီရိကျော်ကိုတော့ ပရိသတ်တွေက ချစ်စနိုးနဲ့ Jenny လို့လည်း ခေါ်ကြပါသေးတယ်။ အနုပညာ အလုပ်တွေကို အောင်မြင်ဖို့ ကြိုးစားနေပေမယ့် ပညာရေးမှာတော့ သူမက ဥပဒေနဲ့ ဘွဲ့ရရှိထားပြီးပါပြီ။