တင်ဇာမော်ရဲ့ New Year Party Show ပွဲလက်မှတ် တစ်စောင်ဝယ်တဲ့ ပရိသတ်တိုင်းက ပျော်စရာကောင်းတဲ့ အစီအစဉ်တွေနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ပွဲလက်မှတ်တွေကိုလည်း အကန့်အသတ်နဲ့သာ ရောင်းချသွားမယ်လို့ဆိုပါတယ်။
Photo: Dior
တင်ဇာမော်ကတော့ သူချစ်ရတဲ့ ပရိသတ်တွေနဲ့အတူ New Year ညမှာ ဖျော်ဖြေရေးအစီအစဉ်တွေ ပျော်ပျော်ပါးပါး ဖြတ်သန်းသွားမယ်လို့ဆိုပါတယ်။ လက်မှတ် အရေအတွက်ကိုလည်း ကန့်သတ်ထားတယ်လို့ မီဒီယာ အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။
“ ပွဲအတွက်ကတော့ ရင်ခုန်တယ်။ New Year ဖြစ်တဲ့အတွက် ခရီးတွေလည်းသွားကြတယ်၊ ပွဲတွေလည်း များကြမှာ ဘယ်ပရိသတ်က ကိုယ့်ဆီကို ပြေးလာမှာလဲ ဆိုပြီးတော့ တွေးရင်းနဲ့ စိတ်လှုပ်ရှားတယ်။ ရောက်လာနိုင်မယ့် ပရိသတ်နဲ့ New Year ကို ပျော်စရာအကောင်းဆုံးဖြစ်အောင် ဖန်တီးထားတယ်။ ဒါကြောင့် မျှော်နေပါတယ်။ နေရာကိုတော့ Sky Star ကိုရွေးချယ်ထားပါတယ်။ လူဦးရေ ထောင်ချီပြီး ဆန့်တဲ့နေရာတော့ မဟုတ်ဘူး။ လက်မှတ်ကိုလည်း သတ်မှတ်ထားတဲ့အရေအတွက်ကုန်ပြီဆိုရင် ဆက်မရောင်းတော့ပါဘူး။ ဝင်ခွင့်လည်း ပေးမှာမဟုတ်ပါဘူး။ ပွဲအနေအထားကြောင့်ပါ”လို့ သူကပြောပါတယ်။
Photo: Dior
တင်ဇာမော်ရဲ့ New Year Party ပွဲလက်မှတ်ကို ဝယ်ယူတဲ့ ပရိသတ်တွေအနေနဲ့ ပျော်စရာကောင်းတဲ့ အစီအစဉ်အများကြီးနဲ့ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ပွဲလက်မှတ် တစ်စောင်ဝယ်တိုင်း အကျိုးခံစားခွင့်တွေ အများကြီးရမယ်လို့ ဒီဇင်ဘာလ ၁၆ ရက်နေ့က စာနယ်ဇင်းရှင်းလင်းပွဲမှာ ဖြေဆိုခဲ့တာပါ။
“ အစ်မပွဲကို လာတဲ့ ပရိသတ်တွေနဲ့အတူတူရှိနေမှာပါ။ ပွဲချိန်ကိုလည်း ၈ နာရီစဖို့သတ်မှတ်ထားပါတယ်။ ည ၁၂ နာရီ countdown ပြီးတဲ့အထိ ဆက်သွားမှာဖြစ်သလို ၁၂ နာရီကျော်ရင် အပေါ်မှာရှိတဲ့ Angle Bar မှာ Club ကို ဖွင့်ပေးမှာဖြစ်ပါတယ်။ လက်မှတ်ပြရင် သူတို့ ပေးဝင်မှာပါ။ အစားအသောက်ကိုတော့ ဟိုတယ်က တာဝန်ယူရောင်းချပေးမှာပါ။ လက်မှတ်ထဲမှာပါတဲ့အရာတွေက ဖျော်ဖြေရေးအစီအစဉ်တွေအားလုံးပါတယ်၊ Bar ဝင်ခွင့်ပါမယ်၊ ပွဲပြီးလို့ မပြန်ချင်တော့ဘူးဆိုရင်တော့ Sky Star ဟိုတယ်မှာ အခန်းဌားမယ်ဆိုရင် ၂၅ ရာခိုင်နှုန်း Discount ပေးပါလိမ့်မယ်။ အဲဒီတစ်ညအတွက်ပေါ့” လို့ ဆိုပါတယ်။
Photo: Dior
တင်ဇာမော် New Year Party မှာ ပါဝင်မယ့် ဖျော်ဖြေရေး အစီအစဉ်အသေးစိတ်ကိုလည်း ပြောပြခဲ့ပါသေးတယ်။
“ ဖျော်ဖြေရေးအစီအစဉ်မှာတော့ ဂျိုကာတွေပါမယ်၊ Dancer တွေပါမယ်၊ DJ အစီအစဉ်ပါမယ်၊ ကာရာအိုကေ Selection ပါမယ်။ ရွှေမိုးငွေမိုး ကြဲမယ့် အစီအစဉ်ပါမယ်။ ကံစမ်းမဲဖောက်မယ့် အစီအစဉ်တွေပါမယ်။ ဦးစကောမ ရဲ့ မျက်လှည့်အစီအစဉ်ပါမယ်။ သူ့ရဲ့ မျက်လှည့်နဲ့ အစ်မရဲ့ ပွဲထွက်က ဘယ်လိုဖြစ်မလဲ ရင်ခုန်စရာပါ။ အစ်မ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ အိုစမာ မာလာခင်ကို အစ်မ သီချင်းနဲ့ ကဖို့ ဖိတ်ထားတယ်။ DJ ကလည်း အစ်မရဲ့ သီချင်းတွေကို Create လုပ်မယ်။ အခုရိုက် အခုယူ photo booth ထားဖို့လည်းပါတယ်။ အဲဒါက Free ပဲ” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Dior
အဆိုတော် တင်ဇာမော်ကတော့ ၁၉၉၅ ခုနှစ်က စပြီးတော့ ဂီတအလုပ်တွေ စတင်လုပ်ဆောင်ခဲ့သူ တစ်ယောက်ပါ။ ဂီတပညာရှင်ကြီး ဦးစောနုဆီမှာ ဂီတပညာရပ်ကို သင်ကြားရင်း အဆိုတော် တော်တစ်ယောက်ဖြစ်လာတာလို့လည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ဖူးပါတယ်။ တစ်ကိုယ်တော်အခွေတွေ၊ တစ်ကိုယ်တော်ဖျော်ဖြေပွဲတွေလည်း ပြုလုပ်ခဲ့ပါသေးတယ်။ အခုလက်ရှိမှာတော့ Myanmar Idol (Season 1) ကနေ Season-4 အထိ အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ် ပါဝင်နေတာ တွေ့ရပါတယ်။