မန်စီးတီးကစားသမားဟောင်းကြီးရှောင်ဂုတ်တာက စီးတီးတိုက်စစ်မှူးသစ်ဟာလန်းဟာ မကြာခင် အသင်းမှာ အထိုင်ကျမှာဖြစ်ပြီး ဂိုးတွေသွင်းယူနိုင်လိမ့်မယ်လို့ ပြောဆိုလိုက်ပါတယ်။ မန်စီးတီးမှာ ကစားသမားကလည်း ပျော်ရွှင်လာမှာဖြစ်ပြီး သွင်းဂိုးတွေကို ဘယ်၊ ညာ၊ အလယ်ကနေပါ သွင်းယူနိုင်မှာဖြစ်ကာ မန်စီးတီးကလည်း အမှတ်ပေးဖလားကို ဆက်လက်ရယူနိုင်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။
ဒေါ့မွန်မှာ ၈၉ ပွဲကစားအပြီး ၈၆ ဂိုးအထိ သွင်းယူခဲ့ပြီးနောက် ဟာလန်းက မန်စီးတီးကို ပေါင်သန်း ၅၀ ကျော်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ ဟာလန်းက ပွဲချိန်ပြည့်ဝင်ရောက်ကစားခဲ့ပေမယ့် အသင်းအရေးနိမ့်ခဲ့သလို ဟာလန်းကိုယ်တိုင်လည်း ကြီးမားတဲ့လွဲချော်မှုတွေရှိနေခဲ့ကာ ဝေဖန်ခံခဲ့ရပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ဟာလန်းက သူ့ရဲ့ ပရီးမီးယားလိဂ်ပထမဆုံးပွဲကို ဝက်စ်ဟမ်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဟာလန်းရဲ့အဖေနဲ့တူ မန်စီးတီးမှာအသင်းဖော်တွေဖြစ်ခဲ့တဲ့ ရှောင်ဂုတ်တာက "သူ ဂိုးတွေသွင်းနိုင်လိမ့်မယ်ဆိုတာကို ကျနော်ယုံကြည်တယ်၊ ဘယ်ဘက်၊ ညာဘက်၊ ပြီးတော့ အလယ်ကနေ ဂိုးတွေ သူသွင်းတာကို မြင်ရပါလိမ့်မယ်၊ သူ အခုဆိုရင် နားလည်စပြုလာပြီဖြစ်ပြီး မန်စီးတီးအရည်အသွေးကို ကျနော်သိပြီးသားပါ၊ သူ့ရဲ့ ဂိုးတွေဘယ်ကလာမလဲ၊ သူ ဂိုးတွေသွင်းနိုင်မယ်ဆိုတာ ကျနော်သံသယမရှိဘူး၊ မန်စီးတီးမှာ သူပျော်နေပါလိမ့်မယ်"
"ဂိုးရဖို့အတွက်က ကျနော်စိတ်မပူတော့ပါဘူး၊ ပထမဆုံးပွဲမှာတင် သူ ၂ဂိုးလောက်သွင်းမယ်ဆိုတာလည်း မအံ့ဩပါဘူး၊ သူ့အပေါ်တင်မဟုတ်ဘဲ အသင်းရဲ့ လုပ်နိုင်စွမ်းအားကိုပါ ကျနော်ယုံကြည်တာပါ၊ သူ့ဆီကနေ ဂိုး ၂၀ လောက်ရမယ်ဆိုတာကို ကျနော်လွယ်လွယ်လေးပဲမျှော်လင့်ထားတယ်၊ ဘာလို့လဲဆိုတော့ သူက အရည်အသွေးရှိကစားသမားပါ၊ ပြီးတော့ အရည်အသွေးရှိတဲ့အသင်းမှာ ကစားနေလို့ပါ" လို့ ပြောဆိုခဲ့ပါတယ်။
ဟာလန်းကတော့ အသင်းသစ်တွေနဲ့ ရာသီဖွင့်ပွဲမှာဆိုရင် ဂိုးမြူးလေ့ရှိတဲ့ကစားသမားဖြစ်ပြီး အဆိုပါအလေ့အထကို ဆက်ထိန်းထားနိုင်ဦးမလားဆိုတာ စောင့်ကြည့်ရပါမယ်။