အနုပညာလောကထဲမှာ နေရာတစ်နေရာရဖို့ဆိုတာလည်း ကံ၊ဉာဏ်၊ ၀ိရိယ အားလုံးစိုက်ထုတ်နိုင်မှသာ နေရာကောင်းတစ်ခုကိုရမှာဖြစ်ပြီး ဘဝကြမ်းကြမ်း တွေကြားက နေရာတစ်နေရာရောက်ဖို့ ကြိုးစားနေကြသူတွေကလည်း ဒုနဲ့ ဒေးပါပဲ။ အဲဒီလိုသူတွေထဲမှာ ကိုလူချောအဖွဲ့ဝင် တစ်ဦးဖြစ်တဲ့ လူကြမ်းသရုပ်ဆောင် မင်းမင်းလည်း ပါဝင်ခဲ့ပါတယ်။
အခုလို လူကြမ်း သရုပ်ဆောင် ဖြစ်လာဖို့ မင်းသမီးတချို့ ရဲ့ အဝတ်တွေကိုပါ လျှော်ပြီး ကြိုးစားလာခဲ့ရတဲ့ အကြောင်းကို Duwun မီဒီယာကို ဖြေကြားလာပါတယ်။
"ဒီဘဝရောက်ဖို့အတွက်ကိုနည်းလမ်းမျိုးစုံနဲ့ကျွန်ခံခဲ့ရတာ။ နောက်ဆုံးကုန်ကုန်ပြောမယ်။သူများအဝတ်အစားလျှော် မင်းသမီးတွေရဲ့ အဝတ်အစားတွေကိုပါ လျှော်ပြီး (ဘယ်မင်းသမီးရယ်လို့ တော့ မ ပြောပါဘူး) ဒီနေရာကို လိုချင်လွန်းလို့ ဒီလို ဖြစ်လာဖို့အတွက်ကို တော်တော်ကြီး ကြိုးစားခဲ့ရတာ။ နောက်ဆုံးဒီလမ်းကြောင်းပေါ်ကို ရောက်လာတာ။နောက်ဆုံးတော့ ဘာဖြစ်လဲ၊ လူကြမ်းပဲ ဖြစ်လာတာပဲလေ။လူကြမ်းဖြစ်လာတော့လည်း အနုပညာကို တန်ဖိုးထားတယ် ချစ်တယ်” ဆိုပြီး လူကြမ်းသရုပ်ဆောင် ဘဝ မှာရပ်တည်နိုင်ဖို့ ကြိုးစားပြီး ဘဝကြမ်းခဲ့တဲ့ အကြောင်းကို ဖြေကြားလာခဲ့ပါတယ်။
မင်းမင်းနဲ့ ဖခင် စမဦးမြင့်သိန်း (ဓာတ်ပုံ - မင်းမင်း)
ဒီလိုကြိုးစားရတာကလည်း အဖေ့အမွှေအနှစ်ကို မပျောက်ပျက်စေချင်လို့လို့ မင်းမင်းက ဆက်ပြောပြပါတယ်။
“အဖေ့အမွေအနှစ် ပျောက်မှာစိုးလို့ ရအောင်ထိန်းသိမ်းထားရတာ။ အဖေက လူကြမ်းသရုပ်ဆောင် စမဦးမြင့်သိန်းပါ။ အဖေကတော့ အခု အသက်ကြီးနေပြီဆိုတော့ အနုပညာအလုပ် မလုပ်တော့ဘူး။ ဒါပေမယ့် အဖေ့ရဲ့ အနုပညာအမွေကို ဆက်လက် ထိန်းသိမ်းထားရမှာ ကျွန်တော်ရယ် ကျွန်တော့်သားသမီး တွေထဲက တစ်ယောက်ယောက်ကို အမွေပေးချင်တာကြောင့်ပါ” လို့ အနုပညာသံယောဇဥ်ကြီးလွန်းတဲ့ မင်းမင်းက ဆိုပါတယ်။
မင်းမင်းနဲ့ သမီး ဇင်စန္ဒာထွန်း
လူကြမ်းသရုပ်ဆောင် မင်းမင်းမှာ သားသမီး လေးယောက်ရှိပါတယ်။ သမီး(၃)ယောက်နဲ့ သားတစ်ယောက်ရှိပြီး သမီးအလတ်လေးဖြစ်တဲ့ ဇင်စန္ဒာထွန်းက ဖခင်ရဲ့ အနုပညာအမွေကို ဆက်ခံဖို့အတွက် အဆင်သင့် ဖြစ်နေပြီလို့ ဆိုရမှာပါ။
သရုပ်ဆောင် မင်းမင်းရဲ့ အသက် ၁၈ နှ်စအရွယ် သမီးလေးဇင်စန္ဒာထွန်းက အနုပညာလမ်းကြောင်းကို လျှောက်လှမ်းနိုင်ဖို့အတွက် ပြင်ဆင်နေပြီ ဖြစ်ပြီး ဖခင်ဖြစ်တဲ့ မင်းမင်းက လည်း မပြည့်စုံပေမယ့်လည်း သမီးလေးရဲ့ အနုပညာ လမ်းကြောင်းကို အပြည့်အဝ ထောက်ပံ့ပေးဖို့ ကြိုးစားနေတယ်လို့လည်း ထပ်မံပြောပြလာခဲ့ပါတယ်။
" ကျွန်တော့်မှာ သားသမီး(၄)ယောက်ရှိတယ်။ တစ်ဦးတစ်ယောက်ကိုတော့ ရ ချင်တယ်။ ကျွန်တော့်တုန်းက ဘဝကြမ်းခဲ့တဲ့ အတွက် သမီးလေးကိုတော့ သူဖြစ်စေချင်တာလေးကို ဖြစ်ဖို့ ကျွန်တော်ဘက်က တတ်နိုင်သ လောက် ဖြည့်ဆည်းပေးချင်တယ်။ သမီးက ငယ်သေးတယ်။ အနုပညာအထိအတွေ့ ကလည်း သိပ် မရှိသေးဘူးလို့ ဆိုရမယ်။ သူအနုပညာအတွေ့အကြုံ တွေ ရှိလာပြီဆိုရင် ကျွန်တော် နောက်ကလည်းအားလုံး လိုက်ပံ့ပိုးပေးမှာ။ ဘယ်လိုတွေပဲ ပေးဆပ်ရ ပေးဆပ်ရ ကျွန်တော့်သမီးအတွက်ဆို ပေးဆပ်ဖို့ အသင့်ပဲ" လို့ သရုပ်ဆောင်တစ်ဦးရဲ့ခံယူချက်တွေနဲ့အတူ ဖခင်မေတ္တာအပြည့်နဲ့ ဆိုလာပါတယ်။
အနုပညာအသိုင်းအဝိုင်းဘက်က မိတ်ဆွေ တွေရဲ့ အကူအညီနဲ့ သမီးလေးကို ဇာတ်ကားတွေ ရိုက်နိုင်ဖို့ ကြိုးစားပေးသွားမှာဖြစ်ပြီး သမီးလေးအတွက် အ ကောင်းဆုံး ပံ့ပိုးပေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်မင်းမင်းက တော့ အနုပညာလောက ထဲမှာ နှစ်ပေါင်းများစွာ ရပ်တည်လာသူတစ်ဦးဖြစ်ပြီဇာတ်ကား ပေါင်းများစွာမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူဖြစ်ကာ အခုဆိုရင် ကိုလူချောအဖွဲ့ထဲက အဖွဲ့သား တစ်ဦးလည်းဖြစ်ပါတယ်။