Meta ပိုင် လူမှုကွန်ရက်ပလက်ဖောင်းနှစ်ခုဖြစ်တဲ့ Facebook နဲ့ Instagram တို့ပေါ်မှာ NFTs တွေ ဖန်တီး ခင်းကျင်းရောင်းချတာမျိုး လုပ်နိုင်တော့မယ်လို့ သတင်းထွက်နေပါတယ်။
The Financial Times သတင်းက စတင် ဖော်ပြခဲ့တာ ဖြစ်ပြီး လောလောဆယ်မှာတော့ ဒီစီမံကိန်းဟာ ကနဦးဖွံ့ဖြိုးဆဲမှာပဲ ရှိပြီး အပြောင်းအလဲ ရှိနိုင်တယ်လို့ ဆိုပါတယ်။ သတင်းမှာ Facebook နဲ့ Instagram တို့ဟာ သုံးစွဲသူတွေကို NFTs တွေ ဖန်တီး ခင်းကျင်း ရောင်းချတာမျိုး လုပ်နိုင်တဲ့ Tools သစ်တွေ ထုတ်ပေးနိုင်အောင် လုပ်နေတယ်လို့ ဖော်ပြထားပါတယ်။
Photo:
ဒီထဲမှာ NFTs ကို သုံးစွဲသူတွေရဲ့ Profile Pictures တွေအဖြစ် ဖော်ပြတာ ၊ ကိုယ်ပိုင် NFTs တွေ ဖန်တီးတာ နဲ့ NFTs တွေ အရောင်းအဝယ်လုပ်နိုင်မယ့် Marketplace တစ်ခု ဖော်ဆောင်တာမျိုး ပါဝင်ဖို့ ရှိပါတယ်။ Blockchain ပေါ်မှာ ရှိတာကြောင့် NFTs တွေကို ဒီဂျစ်တယ်ဓါတ်ပုံတွေနဲ့ ဗွီဒီယိုတွေအဖြစ်ပဲ ဖန်တီးနိုင်မှာ ဖြစ်ပြီး ပိုင်ဆိုင်မှုကိုလည်း Blockchain ပေါ်က ကိုယ်ပိုင်သီးသန့်လိပ်စာနဲ့ JPG ဒါမှမဟုတ် GIF လိုမျိုးဖိုင်နဲ့ ပိုင်ဆိုင်ရမှာပါ။
ပြီးခဲ့တဲ့နှစ်ပိုင်းမှာ NFT တွေ အကြီးအကျယ် ခေတ်စားလာခဲ့ပြီး တန်ဖိုးကြီးဒီဂျစ်တယ်အမှတ်အသားတစ်ခုအဖြစ်ကို ရောက်လာခဲ့ပါတယ်။ မယုံနိုင်အောင် တန်ဖိုးမြင့်လာခဲ့သလို လုံခြုံရေးအရလည်း အားနည်းချက်တွေရှိနေခဲ့ပြီး မကြာခဏ အခိုးခံရတာတွေ ကြားနေရပါတယ်။ Twitter ၊ Instagram လို ပလက်ဖောင်းတွေပေါ်ကနေ အလွယ်တကူ ကော်ပီယူလို့ ရနေတဲ့ကိစ္စကလည်း မူရင်းပိုင်ရှင်ဘယ်သူလဲဆိုတဲ့အပေါ် ပြဿနာရှိနိုင်ပါတယ်။
Facebook နဲ့ Instagram တို့အနေနဲ့ NFTs တွေကနေ သတ်မှတ်ထားသလို ပိုင်ဆိုင်မှုအခွင့်အရေးကို သေချာလုပ်ဆောင်ပေးမယ်ဆိုရင်တော့ ဒီပလက်ဖောင်းတွေပေါ်မှာ NFTs တွေဟာ တရားဝင် Digital Assets တွေအဖြစ် လည်ပတ်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် NFTs ဖန်တီးရေးနဲ့ ဈေးကွက်ဖော်ဆောင်ရေးမှာ Meta လို ကုမ္ပဏီတွေ ပါလာမယ်ဆိုရင်တော့ ပိုအားကောင်းတဲ့ နည်းပညာရေစီးသစ်ကို မြင်တွေ့ရဖို့ ရှိနေပါတယ်။