ဆယ်လ်မန်ခန်း နဲ့ အမီတာဘက်ချမ်းအပါအဝင် ကမ္ဘာကျော်အိန္ဒိယရုပ်ရှင်မင်းသားဟာ NFTနဲ့ ဒစ်ဂျစ်တယ်အမှတ်တရပစ္စည်းဖြန့်ချိဖို့ မျက်စိကျနေကြတယ်လို့ ဆိုပါတယ်။
အိန္ဒိယရုပ်ရှင်မင်းသား/မင်းသမီးတွေအပြင် နာမည်ကြီးခရစ်ကတ်ကစားသမားတွေကလည်း Non-Fungible Tokens (NFTs) ကနေ ဒစ်ဂျစ်တယ်အမှတ်တရအသုံးအဆောင်တွေ မိတ်ဆက်ဖို့ လုပ်နေတာပါ။ ဒစ်ဂျစ်တယ်ပစ္စည်းဆိုပေမယ့် NFTs တွေဟာ ဒေါ်လာထောင်ပေါင်းများစွာ တန်လာမယ်လို့ မျှော်လင့်ချက်တွေလည်း ရှိနေကြပါတယ်။
NFTs ဆိုတာ ဓါတ်ပုံ ၊ ဗွီဒီယို စတဲ့ အမှတ်တရစု ကြတဲ့ပစ္စည်းတွေရဲ့ ပိုင်ဆိုင်မှုနာမည်ပေါက် Ownership ကို မှတ်တမ်းတင်ဖို့ Blockchain ဆိုတဲ့ ဒစ်ဂျစ်တယ်လယ်ဂျာနည်းပညာသုံးထားတဲ့ Digital Asset တစ်မျိုးဖြစ်ပြီး ဒီနှစ်ပိုင်းမှာ NFTs ဖန်တီးသူတွေ ၊ အမှတ်တရဝယ်စုသူတွေနဲ့ ကြောက်ခမန်းလိလိ ကြီးထွားလာတဲ့ဈေးကွက်တစ်ခုလည်း ဖြစ်ပါတယ်။
Photo: DNA India
အခုတော့ NFTs ဖန်တီးမှုဟာ ဘောလိဝုဒ်ရုပ်ရှင်လောကသားတွေအကြားပါ ရောက်လာပြီလို့ ပြောရမှာပါ။ Economic Times သတင်းအရ ကမ္ဘာကျော်ဘောလိဝုဒ်မင်းသားတွေ ဖြစ်တဲ့ အမီတာ ဘတ်ချမ်း နဲ့ ဆယ်လ်မန်ခန်းတို့ဟာ မကြာခင် NFTs တွေ မိတ်ဆက်ဖို့ ပြင်နေကြတယ်လို့ ဆိုပါတယ်။ အမီတာဘတ်ချမ်းရဲ့ NFTs တွေမှာ သူ့ရုပ်ရှင်ကားတွေမှာ လက်မှတ်ရေးထိုးထားတဲ့ ပိုစတာတွေ ပါမှာ ဖြစ်ပြီး ဆယ်လ်မန်ခန်းကတော့ Follower ၄၃ သန်း ရှိတဲ့ သူ့ Twitter အကောင့်မှာ NFT launch လုပ်မယ့်အကြောင်း ပြောထားပြီး စိတ်လှုပ်ရှားအောင် လုပ်ထားပါတယ်။
"အခုချိန်မှာတော့ NFT ဆိုတာ ဘောလိဝုဒ်မှာ ဂြိုလ်သားလို ဖြစ်နေလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်ပြောနိုင်တာက ဘောလိဝုဒ်ရုပ်ရှင်စတားတွေအနေနဲ့ သူတို့ရဲ့ လက်ရှိ content တွေကို သုံးပြီး ငွေရှာနိုင်မယ့်လမ်းကြောင်းအဖြစ် ဒါကို သဘောပေါက်သွားမယ်ဆိုတာပါပဲ။" လို့ Bollywood assets တွေအတွက် NFT marketplace တစ်ခု ထောင်ထားတဲ့ Bollycoin မှ အာယန် အက်နီဟိုထရီက ဆိုပါတယ်။
Photo: The Guardain
အက်နီဟိုထရီကတော့ ဒီလထဲ NFT မိတ်ဆက်ပြီး ရက်ပိုင်းအတွင်းမှာ သူ့ပလက်ဖောင်းကနေ BollyCoins သန်း ၂၀ ထဲက ၈ သန်း ရောင်းချနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ BollyCoins တွေဟာ NFTs တွေ မိတ်ဆက်လာတဲ့အခါ အဲ့ဒီ NFTs တွေ ဝယ်ရာမှာ သုံးနိုင်မယ့် Crypto Tokens တွေလည်း ဖြစ်ပါတယ်။ လက်ရှိမှာ BollyCoins တစ်ခုဟာ ကန်ဒေါ်လာ ၁၀ ပြား (မြန်မာငွေ ၂၀၀ နီးပါး) တန်ပါတယ်။
NFTs ခေတ်ဦးပိုင်းဖြစ်လို့ အိန္ဒိယမှာ Celebritiy တွေရဲ့ NFTs တွေ ခေတ်စားဖို့တော့ အချိန်ယူရဖို့ ရှိပါတယ်။ အိန္ဒိယခရစ်ကတ်သမား ဒင်းနက်ချ် ကာတစ်ခ်ကလည်း သူပါဝင်ထားတဲ့ ၂၀၁၈ ခုနှစ်က အောင်ပွဲရ ခရစ်ကတ်အသင်းပွဲကို Digital Art ဖန်တီးထားပြီး ဒစ်ဂျစ်တယ်ငွေကြေး Ethereums နဲ့ လေလံတင်ထားပါတယ်။ ဒေါ်လာ ၂ သောင်းဝန်းကျင်ပေါက်တဲ့ ဒီလေလံကိုတော့ အခုထိ ဆွဲတဲ့လူ မရှိသေးပါဘူး။
ဘာပဲဖြစ်ဖြစ် NFT Marketplace ထဲ နာမည်ကျော်ပုဂ္ဂိုလ်တွေ ပါဝင်လာတာက ဈေးကွက်ကြီးထွားဖို့ အထောက်အပံ့ကောင်းတစ်ခုဖြစ်လာနိုင်ပါတယ်။ လောလောဆယ် NFT ဈေးကွက်ရောင်းအား Sales Volumes ဟာ တတိယသုံးလပတ်အတွင်းမှာကို ဒေါ်လာ ၁၀.၇ ဘီလျံအထိ ပေါက်ခဲ့တယ်လို့လည်း ဆိုပါတယ်။
Share