ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုက သူနဲ့ပတ်သက်တဲ့ သတင်းမှားတွေ အလွန်အကျူးပျံ့နှံ့နေတဲ့အပေါ်မှာ တုံ့ပြန်ပြောကြားလာခဲ့တယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒိုဟာ ယူနိုက်တက်ကနေ ထွက်ခွင့်တောင်းထားပြီး ဒီအပေါ်မှာ သတင်းမှားတွေ၊ သတင်းမှန်တွေ ရောနှောပျံ့နှံနေတာဖြစ်ပါတယ်။
အခုတခါမှာလည်း အင်စတာဂရမ်ပေါ်မှာ “ဂျော့ချ်မန်ဒက်စ် (ရော်နယ်ဒိုရဲ့ အေးဂျင့်) က သူ့ကစားသမားအနေနဲ့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောကြားခဲ့ကြောင်း၊ ရော်နယ်ဒိုအတွက် ယူနိုက်တက်နဲ့ ညှိနှိုင်းတဲ့နေရာမှာလည်း အပေါင်းလက္ခဏာဆောင်တဲ့ဖြစ်ရပ် နည်းပါးခဲ့ကြောင်း" ဖော်ပြခဲ့ပါတယ်။
ဒါပေမယ့် ဒီပို့စ်အောက်မှာပဲ ရော်နယ်ဒိုက “ကျနော့်အကြောင်းကို တရက်လောက်မပြောဘဲနေဖို့ မဖြစ်နိုင်ဘူးပဲ။ အဲ့ဒီလိုမှမဟုတ်ရင်လည်း မီဒီယာတွေက ပိုက်ဆံမရတော့ဘူးလေ။ သူတို့မလိမ်ရင် လူတွေရဲ့အာရုံစိုက်မှုကို မရဘူးဆိုတာ မီဒီယာတွေက သိထားပါတယ်။ ဆက်လုပ်ကြပေါ့ကွာ။ တနေ့နေ့ကျရင်တော့ ခင်ဗျားတို့ သတင်းမှန်အချို့ကိုရလာမှာပါ” လို့ ရေးသားတုံ့ပြန်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ စပို့တင်းလစ္စဘွန်းကို အငှားနဲ့ ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကိုလည်း အခုလိုပဲ သူကိုယ်တိုင် “သတင်းတု” တွေသာဖြစ်ကြောင်း တုံ့ပြန်ခဲ့ဖူးပါတယ်။ လက်ရှိအခိုက်အတန့်မှာ ရော်နယ်ဒိုနဲ့ ယူနိုက်တက်အကြား တင်းမာမှုတွေရှိလာကြောင်း၊ ယူနိုက်တက်နဲ့ ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းတနှစ်ကို ဖျက်သိမ်းပေးဖို့ ရော်နယ်ဒိုက တောင်းဆိုထားကြောင်း သတင်းတွေက ဖော်ပြခဲ့ပါသေးတယ်။
ယူနိုက်တက်ဘက်ကတော့ နောက်ဆုံးအချိန်ထိ ရော်နယ်ဒိုကို ရောင်းချဖို့၊ လက်လွှတ်ခံဖို့ စိတ်ကူးမရှိကြောင်း တုံ့ပြန်ထားပြီး ရော်နယ်ဒိုနဲ့ပတ်သက်လို့ ပရိသတ်တွေဘက်ကရော၊ ရုပ်သံဝေဖန်သုံးသပ်သူတွေဘက်ကပါ ဝေဖန်မှုတွေ ထွက်ပေါ်လျက်ရှိပါတယ်။