၂၀၁၃ ခုနှစ်ကတည်းက စတင်ခဲ့တဲ့ Google Campus စီမံကိန်း Bay View ရုံးချုပ်ကို ဖွင့်လှစ်လိုက်ပြီလို့ ဆိုပါတယ်။
၁၀ နှစ်နီးပါး အချိန်ယူတည်ဆောက်ခဲ့ပြီးနောက် ဖွင့်လှစ်လိုက်တာ ဖြစ်ပါတယ်။ အမိုးချပ်အတွက် ငွေရောင် ဆိုလာပြား ၉ သောင်း သုံးထားပြီး စွမ်းအင် ၇ မဂ္ဂါဝပ်အထိ ထုတ်ပေးနိုင်မယ်လို့ ဆိုပါတယ်။ ဒါဟာ တစ်ရုံးလုံး စွမ်းအင်လိုအပ်ချက်ရဲ့ ၄၀% အထိ ထွက်တာလည်း ဖြစ်ပါတယ်။ အနားမှာ လေရဟတ်တွေနဲ့ Wind Farms ထောင်ပြီး သန့်စင် စွမ်းအင်ထုတ်တာကြောင့် တစ်ရုံးလုံး All-Electric နဲ့ သွားတယ်လို့ ပြောနိုင်ပါတယ်။
မီးဖိုချောင် နှစ်ခုမှာလည်း ဂတ်စ်အစား လျှပ်စစ်ပစ္စည်းတွေနဲ့ တပ်ဆင်ထားပါတယ်။ ဒါ့တင်မဟုတ်ဘဲ Campus မှာ တပ်ထားတဲ့ Window Shades တွေကလည်း အလိုအလျောက်စနစ် ပါရှိပြီး နေ့မှာ သဘာဝအလင်းရောင် ရအောင် ဖွင့်ပေးသလို ပြင်ပလေကိုပဲ သုံးတဲ့ လေဝင်လေထွက်စနစ်လည်း ပါရှိပါတယ်။ နောက်ထပ် ထူးခြားတာက Bay View HQ ရုံးချုပ်ဟာ မြောက်အမေရိကမှာ အကြီးဆုံး ဘူမိအပူစွမ်းအင်တပ်ဆင်ထားတဲ့ အဆောက်အဦ ဖြစ်ပြီး ရုပ်ကြွင်းလောင်စာမသုံးဘဲ ရုံးခန်းတစ်ခုလုံး အပူအအေး ပေးနိုင်တာပဲ ဖြစ်ပါတယ်။
အအေးပေးဖို့ သုံးတဲ့ ရေပမာဏကိုတောင် ၉၀% အထိ လျှော့ချနိုင်မယ်လို့ ဆိုပါတယ်။ ဘူမိအပူစွမ်းအင်တိုင်ဖောက် Pile စနစ်ဟာ ဆောင်းတွင်းဘက်မှာ မြေအောက်ကနေ အပူကို စုပ်ယူနိုင်ပြီး နွေရာသီမှာ မြေကြီးထဲ အပူတွေ ပို့လွှတ်နိုင်ပါတယ်။ ရုံးအဆောက်အဦသစ်မှာ သဘာဝအလင်းရောင်အပြင် အစိမ်းရောင်ရှုမျှော်ခင်း နဲ့ ကွက်လပ်ပြင်ကျယ်တွေ ထည့်ပေးထားပြီး လူတိုင်း အလုပ်လာချင်အောင် ဖန်တီးထားပါတယ်။
ဒီရုံးချုပ်အတွက် ဒီဇိုင်းကို Google ကိုယ်တိုင် ဒီဇိုင်းဆွဲခဲ့တာဖြစ်ပြီး စီမံကိန်းကိုတော့ ၂၀၁၃ ခုနှစ်က စတင်ခဲ့တာလည်း ဖြစ်ပါတယ်။ နည်းပညာကုမ္ပဏီကြီးတွေထဲမှာတော့ Google ရဲ့ ရုံးချုပ်ဗိသုကာလက်ရာဟာ ပြောစမှတ်တွင်တော့မှာ ဖြစ်ပါတယ်။