ပီအက်စ်ဂျီရဲ့ အားကစားဒါရိုက်တာအသစ် လူးဝစ်ကမ်းပို့စ်က သူ့ကစားသမားတွေကို ညဘက်အပြင်ထွက်လည်ပတ်ပြီး ကလပ်တက်တာမျိုးမလုပ်ဖို့ တားမြစ်လိုက်တယ်လို့ သိရှိရပါတယ်။ ကမ်းပို့စ်ဟာ လက်ရှိနွေရာသီမှာ အသင်းရဲ့အားကစားဒါရိုက်တာဟောင်း လီယိုနာဒိုရဲ့နေရာကို အစားထိုးဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။
အဆိုပါပုဂ္ဂိုလ်ဟာ ကစားသမားတွေရဲ့ စည်းကမ်းပိုင်းကို တင်းကျပ်ဖို့ ပြင်ဆင်နေပြီး ဒါက ချန်ပီယံလိဂ်ဖလားမျှော်လင့်ချက်အတွက်ဖြစ်တယ်လို့လည်း ပြင်သစ်အခြေစိုက်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ မာကာသတင်းစာရဲ့ ဖော်ပြချက်အရ ကမ်းပို့စ်ဟာ ပဲရစ်မြို့မှာရှိတဲ့ နိုက်ကလပ်တွေကို ကိုယ်တိုင်ကိုယ်ကျ အရင်ဆုံးသွားရောက်ခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ပီအက်စ်ဂျီကစားသမားတယောက်ယောက် ဒါမှမဟုတ် အုပ်စုလိုက် လာရောက်ပျော်ပါးတဲ့အခါမျိုးတွေမှာ သူ့ဆီကို ပြန်လည်အကြောင်းကြားပေးဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ပီအက်စ်ဂျီရဲ့နည်းပြသစ် ဂဲလ်တီယာကလည်း ကစားသမားတွေကို စည်းကမ်းတင်းကျပ်လေ့ရှိပြီး ကွင်းပြင်ပနေထိုင်မှုဘဝတွေမှာပါ စည်းစနစ်ကျဖို့ မျှော်လင့်နေပါတယ်။
လက်ရှိအချိန်ထိတော့ ကမ်းပို့စ်ရဲ့ ဒီလိုမျိုးပိတ်ပင်တားဆီးမှုကို စောဒကတက်တဲ့ ကစားသမားတယောက်မှ မရှိသေးဘူးလို့ သိရှိရပါတယ်။ ကမ်းပို့စ်ကိုယ်တိုင်ကလည်း “တကယ်လို့ တယောက်ယောက်ကများ ဒီလိုမျိုး နိုက်ကလပ်တက်ခွင့် ပိတ်လိုက်တာနဲ့ပတ်သက်လို့ သဘောမတူရင် အသင်းကနေထွက်သွားနိုင်ပါတယ်” လို့ ပြတ်ပြတ်သားသားပြောကြားခဲ့ပါတယ်။
လက်ရှိပီအက်စ်ဂျီကစားသမားတွေထဲမှာ အပျော်အပါးအမက်ဆုံး ကစားသမားဆိုရင်တော့ နေမာကိုပဲ ပရိသတ်တွေက အရင်ဆုံးမြင်ယောင်ကြမှာပါ။ ဒီကစားသမားက အလန်းစားဖက်ရှင်တွေနဲ့အတူ ပဲရစ်မြို့ရဲ့ နိုက်ကလပ်တွေကို သွားလေ့သွားထရှိတဲ့ ကစားသမားပါ။ ဒါ့အပြင် ပီအက်စ်ဂျီကစားသမားတွေအနေနဲ့ အသင်းနဲ့အတူ မနက်စာနဲ့နေ့လယ်စာတို့ စားသုံးနေချိန်မှာ ဖုန်းသုံးစွဲခွင့်ပိတ်ပင်ခံထားရပါတယ်။ ဒါက ကစားသမားတွေအကြား ပိုမိုစည်းလုံးပြီး ရင်းနှီးမှုရရှိစေဖို့ ရည်ရွယ်ထားတယ်လို့လည်း နည်းပြဂဲလ်တီယာကဆိုပါတယ်။