ဘာစီလိုနာတိုက်စစ်မှူးလီဝန်ဒေါစကီးဟာ မနေ့က အသင်းလေ့ကျင့်ရေးကွင်းဖြစ်တဲ့ Ciutat Esportiva အပြင်ဘက်မှာ ရပ်ထားတဲ့ သူ့ရဲ့ကားအတွင်းက ယူရို ၇ သောင်းတန် နာရီကို ခိုးယူခံခဲ့ရတယ်လို့ သိရပါတယ်။ ဘာစီလိုနာနဲ့အတူ ညနေဘက်လေ့ကျင့်ခန်းဆင်းဖို့အတွက် လီဝန်ဒေါစကီးက ရောက်ရှိလာခဲ့ပြီး လေ့ကျင့်ခန်းမဆင်းခင်မှာ ပရိသတ်တွေကို နှုတ်ဆက်ခဲ့သေးတယ်လို့ သိရပါတယ်။
အဆိုပါသူခိုးဟာ လီဝန်ဒေါစကီးရဲ့ ကားတံခါးကို ဖွင့်ခဲ့ပြီးနောက် ပိုလန်သားကြီးက ပရိသတ်တွေကို လက်မှတ်ထိုးပေးနေတဲ့အချိန်မှာ နာရီကို ခိုးယူခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လီဝန်ဒေါစကီးက သူခိုးနောက်ကို သူကိုယ်တိုင်လိုက်ကာ ဖမ်းဆီးဖို့ကြိုးစားခဲ့ပါတယ်။ လီဝန်ဒေါစကီးဟာ သူခိုးနောက်ကို မြန်မြန်ဆန်ဆန်ပြေးလိုက်နိုင်ခဲ့ပြီး သူ့နာရီကို ပြန်လည်ရယူနိုင်ခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
ဒီနောက်မှာတော့ လီဝန်ဒေါစကီးလည်း ဆိုဆီဒက်နဲ့ကစားရမယ့်ပွဲအတွက် အသင်းနဲ့အတူလေ့ကျင့်ခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါသူခိုးကို ရဲလက်အပ်လိုက်သလား၊ ပြန်လွှတ်ပေးလိုက်သလားဆိုတာကတော့ မရှင်းမလင်းဖြစ်နေပြီး အတိအကျကိုလည်း မသိရသေးဖြစ်နေပါတယ်။ ဒါပေမယ့် သူခိုးကတော့ ကံဆိုးစွာနဲ့ပဲ လီဝန်ဒေါစကီးလို လျင်မြန်တဲ့တိုက်စစ်မှူးဆီက နာရီကိုမှ ခိုးယူမိလျက်သားဖြစ်နေခဲ့ပါတယ်။
လီဝန်ဒေါစကီးကတော့ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ဒီရာသီမှာမှ ပြောင်းရွှေ့လာခဲ့သူဖြစ်ပါတယ်။ လာလီဂါတပွဲကစားပေးထားပြီးချိန်မှာ လီဝန်ဒေါစကီးက ဂိုးပေါက်ပျောက်ခဲ့ပြီး လာမယ့်ပွဲမှာ သူ့အတွက် ပထမဆုံးလာလီဂါဂိုးရဖို့ကို အားခဲနေတာလည်းဖြစ်ပါတယ်။