ရော်နယ်ဒိုရဲ့ အမဖြစ်သူက ပြောကြားခဲ့တာပါ။

ရော်နယ်ဒိုရဲ့ အမကြီးဖြစ်တဲ့ အယ်လ်မာအေဗီရိုက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုဘက်ကနေ ကာကွယ်ပြောကြားပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေညက အဲဗာတန်ကို ရှုံးခဲ့တဲ့ပွဲအပြီး ရော်နယ်ဒိုရဲ့ လုပ်ရပ်အပေါ် ဝေဖန်မှုတွေပြင်းထန်နေပါတယ်။



ရော်နယ်ဒိုဟာ ပွဲအပြီး ကွင်းထဲက အထွက် အဲဗာတန် ပရိသတ် ကလေးငယ်တယောက်ရဲ့ လက်ကို ရိုက်ချခဲ့ပြီး ဒီကလေးငယ်ရဲ့ ဖုန်းလည်း ကွဲသွားခဲ့ပါတယ်။ ဒါ့အပြင် အော်တစ်ဇင်တယောက်ဖြစ်တဲ့ အသက် (၁၄) နှစ်အရွယ် အဆိုပါ ကလေးငယ်ဟာ အရမ်းကို တုန်လှုပ်ချောက်ချားခဲ့ရပြီး နောက်တကြိမ် ကွင်းထဲ ဘောလုံးပွဲသွားကြည့်ဖို့ မဖြစ်နိုင်တော့ဘူးလို့ မိခင်ဖြစ်သူကဆိုပါတယ်။

ရော်နယ်ဒိုရဲ့လုပ်ရပ်အပေါ် မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပေမယ့် ယူနိုက်တက်ကတော့ ကစားသမားကို အရေးယူမှာ မဟုတ်ဘူးလို့ အတည်ပြုထားပါတယ်။ ဒါပေမယ့်လည်း ဝေဖန်သံတွေကတော့ ပြင်းထန်နေဆဲဖြစ်ပြီး ရော်နယ်ဒိုကတော့ လူသိရှင်ကြား တောင်းပန်ထားသည့်တိုင် ဒီကိစ္စအတွက် တော်တော်လေး ခေါင်းစားနေရပါတယ်။

အယ်လ်မာကတော့ သူ့ရဲ့ အင်စတာဂရမ်ကတဆင့် “ငါ့အတွက် ကြီးကျယ်ခမ်းနားပြီး သိပ်ချစ်ရတဲ့ လူတယောက်ပဲ။ နောက်ပြီးတော့ ကမ္ဘာပေါ်မှာ ငါမြင်ဖူးသမျှထဲ အလှပဆုံး လူသားတယောက်ပါ။ ကျမတို့ မိသားစုတွေက ချစ်ခြင်းတရားနဲ့ လေးစားမှုတို့ရဲ့ စံနမူနာပါ။ နောက်ပြီး အလင်းရောင်ဆိုတာက အမှောင်ထဲ ရောက်နေတဲ့လူတယောက်ကို သေချာပေါက် အနှောင့်အယှက်ဖြစ်စေမှာပါ”

“ချစ်ရတဲ့ ငါ့မောင်ရေ။ မင်းက ဘယ်သူ့ကိုမှ ဘာအတွက်နဲ့မှ သက်သေထပ်ပြစရာ မလိုတော့ပါဘူး။ အားလုံး ပါးစပ်ပိတ်သွားမယ့် အဖြေတခုကို မင်းပေးပြီးသားပါ။ ပြီးခဲ့တာတွေက ပြီးပါပြီ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က