ရိုးမားနည်းပြ မော်ရင်ဟိုက သူ့ကို ရန်စ ထိုးနှက်ခဲ့တဲ့ ပါပူဂိုးမက်ဇ်ကို ပြန်လည်ထိုးနှက်လိုက်ကြောင်း သိရှိရပါတယ်။ အာဂျင်တီးနားနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့ အဆိုပါ ကစားသမားဟာ လက်ရှိအချိန်မှာ တားမြစ်ဆေးစစ်ဆေးမှု ကျရှုံးခဲ့တာကြောင့် (၂) နှစ်ပွဲပယ်ခံရတော့မှာပါ။
ဒီကစားသမားက မော်ရင်ဟိုနဲ့ပတ်သက်လို့ အမှတ်တရကို မီဒီယာတွေထံ ပြောကြားခဲ့ရာမှာ ပြီးခဲ့တဲ့ ရာသီက မော်ရင်ဟိုနဲ့ ရိုးမားတို့ရဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲအရှုံးကို ပြန်လည်အစဖော်ခဲ့တာဖြစ်ပါတယ်။ ရိုးမားဟာ ကွင်းလယ်ဒိုင်ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်တွေနဲ့အတူ ဆီဗီလာကို ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့တာပါ။
ပါပူဂိုးမက်ဇ်ဟာ ဆီဗီလာ ကစားသမားအဖြစ် ရိုးမားကို ရင်ဆိုင်ခဲ့ရပြီး မော်ရင်ဟိုကို ထိုးနှက်သွားခဲ့တာပါ။ ပါပူဂိုးမက်ဇ်က “မော်ရင်ဟိုအကြောင်းလား။ သူနဲ့ ပတ်သက်လို့ ကျွန်တော့်အမှာ အမှတ်ရစရာ တစ်ခုပဲရှိပါတယ်။ အဲ့ဒါကတော့ ဆီဗီလာနဲ့အတူ သူ့ကို အနိုင်ယူပြီး ယူရိုပါလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့တာပါ” လို့ ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုကလည်း ပါပူဂိုးမက်ဇ်ရဲ့ ပြောစကားကို ပြန်လည်တုံ့ပြန်လာခဲ့ပြီး အဆိုပါ ကစားသမား ဆေးစစ်မှု ကျရှုံးခဲ့တာကိုပါ ထိုးနှက်ခဲ့တာပါ။ မော်ရင်ဟိုက “ကျွန်တော် ဒီနေ့ ချောင်းဆိုနေတာဗျ။ ဒါပေမယ့် ကျွန်တော် ဘာချောင်းဆိုးပျောက်ဆေးမှ မသောက်ရဲပါဘူးဗျာ။ ဘာကြောင့်လဲဆိုတော့ ဒါက တားမြစ်ဆေးစစ်ဆေးတဲ့နေရာမှာ ကျွန်တော့်အတွက် ပြဿနာရှိနိုင်တယ်လေ” လို့ ပြောကြားခဲ့ပါတယ်။
ပါပူဂိုးမက်ဇ်ဟာ ပြီးခဲ့တဲ့ (၂၀၂၂) ခုနှစ်၊ နိုဝင်ဘာမှာ စစ်ဆေးခဲ့တဲ့ တားမြစ်ဆေးကိစ္စမှာ အခုလိုပဲ ဆေးကျခဲ့တာပါ။ အဆိုပါ ကစားသမားက ချောင်းဆိုးနေတာကြောင့် ကလေးငယ်တွေသောက်တဲ့ ချောင်းဆိုးပျောက်ဆေးကို အသင်းဆရာဝန်နဲ့ မတိုင်ပင်ဘဲ သောက်သုံးခဲ့ပြီး ဒီဆေးထဲမှာ ပါတဲ့ တားမြစ်ဆေးကြောင့်ပဲ အခုလိုမျိုး ပွဲပယ်ပြစ်ဒဏ်ကျခံရတော့မှာဖြစ်ပါတယ်။