ဇလုံထဲကို ထမင်းဖြူထည့်ပြီး ငပိရည်၊ချည်ပေါင်ကြော်တို့နဲ့နယ်ထားတဲ့ ဇလုံထမင်းနယ်ကတော့ အားလုံးကြိုက် ကြမယ့်အရသာပါ။ ဒီလိုအရသာကိုငယ်ဘဝမှာမကြာခဏစားခဲ့ဖူးကြမယ်ထင်ပါတယ်။ ဒီလိုမျိုးငယ်ဘဝ အမေ့လက်ရာကိုပြန်ခံစားမိစေမယ့် ဇလုံထမင်းနယ်ဆိုင်လေးတစ်ဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဆိုင်လေးရဲ့အစလူငယ်(၃)ဦးရဲ့စိတ်ကူးတွေပေါင်းစပ်မှု
ဒီဆိုင်လေးကတော့ တာမွေမြို့နယ်မှာဖွင့်လှစ်ထားတဲ့ ထမင်းဆိုင်လေးပါ။On Timeဆိုတဲ့နာမည်လေးနဲ့ ဖွင့်လှစ်ထားတဲ့ဒီဆိုင်လေးမှာတော့ မြန်မာအစားအစာထမင်းဟင်းကိုအဓိကရောင်းချတာဖြစ်ပါတယ်။ ဒီဆိုင်လေးရဲ့ဇလုံထမင်းနယ်ကတော့ စားသုံးသူတွေကြားမှတ်ချက်ကောင်းတွေနဲ့ ရပ်တည်နေပါတယ်။ ကုမ္ပဏီဝန်ထမ်းဘဝကနေ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းကို ပြောင်းလဲလုပ်ကိုင်လိုတဲ့ လူငယ်လေး(၃)ဦး ပေါင်းစပ်ဖွင့်လှစ်ထားတဲ့ဆိုင်လေးဖြစ်ပါတယ်။
“ကျွန်တော်တို့က အရင်တုန်းက ကုမ္ပဏီဝန်ထမ်းတွေပါ။ကိုဗစ်ကာလမှာအလုပ်တွေသိပ်အဆင်မပြေတဲ့ အခါကြတော့ ကျွန်တော်တို့သူငယ်ချင်းတွေကိုယ်ပိုင်စီးပွားရေးလေးလုပ်ဖို့ တိုင်ပင်ဖြစ်ကြတယ်။အဲ့ကနေမှ အစားအသောက်နဲ့ပတ်သက်တဲ့လုပ်ငန်းကိုလုပ်ဖို့ အားလုံးသဘောတူရွေးချယ်ဖြစ်ခဲ့တာပါ။”လို့ ကိုညီညီကပြောပါတယ်။
လုပ်ငန်းအတွက် မိဘတွေယုံကြည်ဖို့စတင်ကြိုးစားခဲ့
စတင်လိုက်တဲ့ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းဟာ ဝန်ထမ်းဘဝတုန်းကလုပ်ကိုင်ခဲ့တဲ့အလုပ်နဲ့မတူတဲ့နယ်ပယ်ကို ရွေးချယ်ခဲ့တာမို့ အစမှာတော့စိန်ခေါ်မှုတွေရှိခဲ့ပြီး မိဘတွေရဲ့ခွင့်ပြုချက်ရဖို့လည်းကြိုးစားခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင်ဆရာသမားအကြီးအကဲတွေဆီကအကြံဉာဏ်တွေကိုလည်းရယူခဲ့ရတယ်လို့ဆိုပါတယ်။
“မိဘတွေကလည်းဝန်ထမ်းအသိုင်းအဝိုင်းကပဲဆိုတော့ ကျွန်တော်ကို လစာအဆင်ပြေတဲ့ လုပ်ငန်းခွင်တစ်ခုခုမှာ ပဲပြန်လုပ်စေချင်ကြတယ်။ဒီအချိန်မှာကိုယ်ပိုင်စီးပွားရေးကို အရင်းအနှီးများများနဲ့စတာက စွန့်စားရာကြတယ်လို့ မြင်ကြတာပေါ့။ကျွန်တော်ကလည်းသေချာရှင်းပြရတယ်။ပြီးတော့ ကျွန်တော်အားထားရတဲ့ ဆရာသမားတွေ ဆီကနေအကြံဉာဏ်တွေလဲတောင်းခဲ့တယ်။သေချာလေးပြင်ဆင်ပြီးမှဆိုင်လေးကိုစခဲ့တာပါ။”လို့ ကိုညီညီကပြောပါတယ်။
တစ်ရက်ကိုဆန်(၁၈)ပြည်ကုန်တဲ့အထိရောင်းရ
ဒီလိုစခဲ့တဲ့ထမင်းဆိုင်လုပ်ငန်းလေးဟာ တစ်နှစ်ဝန်းကျင်ပဲရှိသေးပေမယ့် ပုံမှန်စားသုံးသူတွေရရှိပြီး အဆင်ပြေပြေရပ်တည်နိုင်နေပြီဖြစ်ပါတယ်။ဇလုံထမင်းနယ်စရောင်းတုန်းကတစ်ရက်ကိုဆန်၂ပြည် ဝန်းကျင်ပဲကုန်ခဲ့ရာကနေ လက်ရှိအချိန်မှာတော့တစ်ရက်ကိုဆန်၁၈ပြည်ကုန်တဲ့အထိရောင်းအား ကောင်းလာပါတယ်။
“အခုဆိုဆိုင်လေးဖွင့်တာ၁နှစ်နီးပါးရှိပြီ။စဖွင့်တုန်းကတော့ မြန်မာအစားအစာအဓိကရောင်းတာမဟုတ်ဘူး။ မြန်မာထမင်းဟင်း ဇလုံထမင်းနယ်ရောင်းတာက(၈)လဝန်းကျင်လောက်ပဲရှိသေးတယ်။ ဇလုံထမင်းနယ်စရောင်း တုန်းကဟင်း(၃)မျိုး၊(၄)မျိုးလောက်နဲ့စခဲ့တာ အဲ့တုန်းကတစ်ရက်ကို(၃)သိန်းဖိုးလောက်ရောင်းရတယ်။ အခုရောင်းကြေးကတော့အဲ့ထက်နှစ်ဆလောက်တတ်လာပါတယ်။”လို့ ကိုညီညီကပြောပါတယ်။
ငပိရည်ပျစ်ပျစ်၊ချည်ပေါင်ကြော်မွှေးမွှေးလေးနဲ့ဇလုံထမင်းနယ်
On Time ဆိုင်လေးရဲ့ဇလုံထမင်းနယ်ကတော့ ပေါ်ဆန်းမွှေးဆန်ကိုချက်ထားတဲ့ထမင်းထဲကို ကြက်သွန်အဖြူ၊ အနီ၊ငရုပ်သီးစိမ်းလှော်တို့နဲ့နဲ့ပျစ်ပျစ်လေးအိမ်စားသလိုဖျော်ထားတဲ့ငပိရည် ၊ဆီအိအိလေးနဲ့ကြော်ထားတဲ့ ချဥ်ပေါင်ကြော်တို့အချိုးကျကျထည့်နယ်ထားပြီး တို့စရာအစုံအလင်၊အရံဟင်း၊နှစ်သက်ရာဟင်းတို့နဲ့တွဲဖက် စားသုံးရတာပါ။ တို့စရာကအနည်းဆုံး(၈)မျိုးကနေ(၁၅)မျိုးအထိနေ့စဥ်ရရှိအောင်စီစဥ်ပေးထားတာဖြစ်ပါတယ်။
ဇလုံထမင်းစျေးနှုန်းနဲ့ရနိုင်တဲ့အမယ်
ဇလုံထမင်းနယ်နဲ့အတူရွေးချယ်စားသုံးဖို့ ဟင်းအမျိုးအစား(၁၅)မျိုးထိရရှိပြီး ကြက်အချိုပေါင်း၊ငါးကြော်နှပ်က တော့လူကြိုက်အများဆုံးဟင်းအမယ်တွေဖြစ်ပါတယ်။စျေးနှုန်းအနေနဲ့ကတော့ စျေးအနည်းဆုံး၂၀၀၀ကျပ် ကနေစပြီးအများဆုံးက၄၅၀၀ကျပ်ဖြစ်ပါတယ်။၂၀၀၀ကျပ်တန်ဇလုံထမင်းမှာတော့ တို့စရာအစုံအလင် ၊ကြက်ဥကြော်နဲ့အရံဟင်းတစ်မျိုးပါ၀င်ပါတယ်။
On Time ဇလုံထမင်းဆိုင်လေးရဲ့လိပ်စာ
On Time ဇလုံထမင်းဆိုင်လေးရဲ့လိပ်စာကတော့ အမှတ်(၄၄)၊ဗဟိုလမ်းနဲ့၁၅၂လမ်းထောင့်၊တာမွေမြို့နယ် ဖြစ်ပါတယ်။ဆိုင်ဖွင့်ချိန်ကမနက်၉နာခွဲကနေညနေ၄နာရီဝန်းကျင်အထိဖြစ်ပါတယ်။ငယ်ဘဝအမေ့ရဲ့ လက်ရာထမင်းနယ်ကိုပြန်ခံစားမိစေမယ့်ဇလုံထမင်းနယ်ဆိုင်လေးမို့ သွားရောက်မြည်းစမ်းကြည့်ကြဖို့ ညွှန်းဆိုပေးလိုက်ပါတယ်။