စရောင်းကာစက ငါးပိရည်တစ်အိုး၊ တို့စရာ အနည်းငယ်နဲ့ ခုံလေးခင်းပြီး တပိုင်တနိုင်လေးရောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

လမ်းဘေးမှာ ငါးပိရည်ရောင်းပြီး  စီးပွားရေးလုပ်ငန်းလေးတစ်ခုဖြစ်လာအောင် ကြိုးစားခဲ့တာကတော့ ဦးမှန်ကြီး ငါးပိရည်ပါ။ ငါးပိရည်ရောင်းတယ်ဆိုပေမယ့် စားသုံးသူတွေ အကြိုက်တွေ့အောင် အရသာကို ကောင်းမွန်အောင် ချက်ပြုတ်ထားပြီး စေတနာကောင်းမွန်မှုကြောင့် နာမည်တစ်ခုရလာပြီး အောင်မြင်ခဲ့တဲ့ ဦးမှန်ကြီး ငါးပိရည်ဆိုင်လေး ဖြစ်ပါတယ်။




ငါးပိရည်ရောင်းတာ ၁၀ နှစ်ရှိပြီ 


ဦးမှန်ကြီး ငါးပိရည်ကို လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ဝန်းကျင်က စရောင်းခဲ့တာပါ။ စရောင်းကာစက ငါးပိရည်တစ်အိုး၊ တို့စရာ အနည်းငယ်နဲ့ ခုံလေးခင်းပြီး တပိုင်တနိုင်လေးရောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“အဖေက အစတုန်းက အသီးအနှံတွေရောင်းတယ်။ နောက်တော့ ငါးပိရည်ရောင်းကြည့်မယ်ဆိုပြီးတော့ ငါးပိရည် စရောင်းကြည့်တာပေါ့။ အဖေက ဈေးရောင်းတာ  သပ်သပ်ရပ်ရပ်လည်း လုပ်တတ်တယ်။ မှန်မှန်ကန်ကန်လည်းရောင်းတော့ သူ့နာမည်ကို ဦးမှန်ကြီး လို့ခေါ်ကြပြီးတော့ ဦးမှန်ကြီး ငါးပိရည်ဆိုတာ ဖြစ်လာတာပါ” လို့ ဆိုင်ရှင်က ဆိုပါတယ်။ 



မိသားစုစီးပွားရေးလုပ်ငန်းဖြစ်လာတဲ့ ဦးမှန်ကြီး


ဒီလိုငါးပိရည်၊ ငါးပိချက်နဲ့ တို့စရာအစုံရောင်းရင်း မိသားစုစီးပွားရေး အဆင်ပြေလာခဲ့ပြီး အခုဆိုဒီလုပ်ငန်းက ရတဲ့ ဝင်ငွေနဲ့ တိုက်ခန်းတစ်ခန်းနဲ့ ကားတစ်စီး ဝယ်နိုင်တာလို့ ဆိုပါတယ်။

"အရင်တုန်းက ကျွန်တော်တို့မိသားစု ဆင်းရဲတယ်။ အခုကျတော့ ကျွန်တော်တို့အဖေလုပ်ငန်းကလည်း အဆင်ပြေလာတယ်။ အခုဆိုတိုက်ခန်းတွေဘာတွေနဲ့ မြေညီထပ်မှာကောင်းကောင်းနေနိုင်တယ်။ ကားတစ်စီးလည်းရှိထားတယ်။ နယ်မှာဆိုလည်း ခြံကွက်တွေဘာတွေနဲ့ဆိုတော့ သူ့ဟာနဲ့သူ အရင်ထက်စာရင် အများကြီးပြေလည်လာတယ်" လို့ ဆိုင်ရှင်ကဆိုပါတယ်။





ပြည်ပနိုင်ငံတွေထိ ပို့နိုင်ခဲ့တဲ့ ဦးမှန်ကြီး


အခုဆို တစ်နေ့ကို ငါးပိရည်လည်း (၃၂) ပိဿာလောက်ရောင်းရပြီး ငါးပိရည်နဲ့ တို့စရာအပြင် ဦးမှန်ကြီး အမည်တံဆိပ်နဲ့ပဲ ငါးခြောက်ကြော်၊ ငံပြာရည်ကြော်၊ ကြက်သားမွှကြော်၊ ဝက်သားကြော် အစရှိတဲ့ မြန်မာစားသောက်ကုန်မျိုးစုံကိုပါ  ပြည်ပနိုင်ငံတွေထိပါ ပို့နိုင်ခဲ့တဲ့အထိ အောင်မြင်လာခဲ့ပါတယ်။


“ ညနေပိုင်းဆို ငါးပိရည်နဲ့ တို့စရာရောင်းတာကတစ်ဆိုင်။ နောက်ထပ် ဆိုင်ခွဲကတော့ အခြောက်အခြမ်း အသင့်စား အခြောက်အခြမ်းတွေ အဓိက ရောင်းတာပါ။ ငါးပိရည်ကိုလည်း နိုင်ငံခြားထိပို့တယ်။ နောက်ပြီးတော့ အခြောက်အခြမ်း မြန်မာစားသောက်ကုန်တွေလည်း ဦးမှန်ကြီး နာမည်နဲ့ တံဆိပ်ထုတ်ပြီး ရောင်းပါတယ်။ အဖေက အခုချိန်ထိ ငါးပိရည်ကို ကိုယ်တိုင်ချက်တယ်။ ငါးဘယ်လောက် ၊ ဆားဘလောက် အချိန်အဆကို သူပဲ လုပ်တာ။ “ လို့ ဆိုင်ရှင် သားဖြစ်သူက ဆိုပါတယ်။



ဦးမှန်ကြီး ငါးပိရည်ကို စားချင်သူတွေအတွက် 


ဦးမှန်ကြီး ငါးပိရည်ကို လတ်လတ်ဆတ်ဆတ် စားချင်သူတွေအနေနဲ့ ၉၁ လမ်းထိပ်၊ မြန်မာ့ဂုဏ်ရည်လမ်းမကြီး၊ ကန်တော်ဈေးလမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ် မှာ ညနေ ၃ နာရီလောက်က စတင်ဝယ်ယူနိုင်ပြီး မြန်မာ့ စားသောက်ကုန်မျိုးစုံကို  ဝယ်ယူချင်သူတွေအနေနဲ့ကတော့  အမှတ် ၇၂/၇၄၊ ဒေါ်သိန်းတင်လမ်း၊ ၈၉ လမ်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တို့မှာ ဝယ်ယူနိုင်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က