အသင်းခေါင်းဆောင်လက်ပတ် အသိမ်းခံလိုက်ရတဲ့ အူဘာမီးယန်းကို ဂါးလက်စ်က အကြံပေးစကားပြောကြားခဲ့တာပါ။

အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ဝီလီယံဂါးလက်စ်က အသင်းခေါင်းဆောင်လက်ပတ် အသိမ်းခံလိုက်ရပြီဖြစ်တဲ့ အူဘာမီးယန်းနဲ့ ပတ်သက်လို့ သူ့ရဲ့အတွေ့အကြုံတွေနဲ့ နှိုင်းယှဥ်ပြီး အကြံပေးစကားပြောကြားလာပါတယ်။



ပြီးခဲ့တဲ့စနေညက ဆောက်သမ်တန်ကို သုံးဂိုးပြတ်နဲ့အနိုင်ရရှိခဲ့တဲ့ပွဲမှာ အူဘာမီးယန်းက အသင်းလူစာရင်းမှာမပါဝင်ခဲ့သလို မနေ့ကလည်း အသင်းခေါင်းဆောင်အဖြစ်က ရပ်ဆိုင်းခံရတယ်လို့ အာဆင်နယ်က တရားဝင်ကြေညာခဲ့ပါတယ်။ အာဆင်နယ်ဟာ အသင်းခေါင်းဆောင်ရာထူးနဲ့ ပတ်သက်လာရင် ရာဇဝင်ဆိုးရှိတဲ့ အသင်းပါ။

ဂါးလက်စ်ကလည်း အာဆင်နယ်အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ရင်း (၂၀၀၈) မှာ အသင်းဖော်တွေကို လူသိရှင်ကြား ဝေဖန်ခဲ့တာကြောင့် တာဝန်ရုပ်သိမ်းခံခဲ့ရဖူးပါတယ်။ အဲ့ဒါကြောင့် လက်ရှိအချိန်မှာတော့ ဂါးလက်စ်က “အူဘာမီးယန်းအနေနဲ့ အာရုံအပြည့်စိုက်ထား၊ အလုပ်ကြိုးစား ပြီးရင်ကိုယ့်ရဲ့ အကောင်းဆုံး ခြေစွမ်းကို ပြန်ရအောင် ကြိုးစားပါ”

“ကျနော့်တုန်းကလည်း စစချင်း ဒီလို အသင်းခေါင်းဆောင်ရာထူးက ရုပ်သိမ်းခံရတာကို လက်မခံနိုင်ခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ အကြောင်းပြချက်က မှန်မှမမှန်တာ။ ကျနော့်အတွက် အဲ့ဒီအရာကို လက်ခံနိုင်ဖို့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့် အသင်းနဲ့နည်းပြက ဆုံးဖြတ်ချက်ချလိုက်ချိန်မှာ ခင်ဗျား လက်ခံရမှာပဲ”

“ဒီတော့ ကျနော်လည်း ကိုယ့်ကိုယ်ကိုယ် အာရုံပြန်စိုက်ဖို့ အရာအားလုံး လုပ်ခဲ့ရပါတယ်။ တခါတလေ အသင်းခေါင်းဆောင်ဆိုတဲ့ရာထူးက ကြီးလေးတဲ့တာဝန်တခုပါ။ ပုံမှန်အားဖြင့်ဆိုရင် နည်းပြက သူ့ကိုယ်စား ယုံကြည်ရတဲ့သူအဖြစ် အသင်းခေါင်းဆောင်ကို သတ်မှတ်ပေးတာပါ။ အသင်းခေါင်းဆောင်ဆိုတာက နည်းပြကိုကိုယ်စားပြုတဲ့ ပထမဆုံးကစားသမားပါ”

“နည်းပြနဲ့ အသင်းခေါင်းဆောင်အကြား ဒီလိုဖြစ်တာက အသင်းအတွက် သိပ်တော့မကောင်းပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ အူဘာမီးယန်းဟာ ပြင်သစ်နိုင်ငံကို ခွင့်နဲ့ပြန်သွားရင်း အသင်းကို လာရောက်ပူးပေါင်းတာ နောက်ကျခဲ့သလို ကိုဗစ်စည်းကမ်းတွေကိုလည်း ချိုးဖောက်ခဲ့တာကြောင့် အခုလိုပဲ အသင်းခေါင်းဆောင်ရာထူးကို ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ 

Share

က္က