ယူနိုက်တက်ဂန္တဝင်ဟောင်းကြီး ဂယ်ရီနဗီးလ်က လီဗာပူးအနေနဲ့ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကို ခေါ်ယူသင့်ကြောင်း ပြောကြားလိုက်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး မခေါ်ယူဘူးဆိုရင်တော့ မန်စီးတီးကို လာမယ့်ရာသီမှာ ယှဉ်နိုင်မှာ မဟုတ်ကြောင်းလည်း သတိပေးသွားခဲ့ပါတယ်။
လီဗာပူးဟာ လက်ရှိနွေရာသီအပြောင်းအရွှေ့မှာ ဟန်ဒါဆန်၊ ဖာဘင်ဟိုတို့လို ကစားသမားတွေကို လက်လွှတ်ခံထားပါတယ်။ အရင်ကတည်းက ကွင်းလယ်ကို အင်အားဖြည့်တင်းဖို့ လိုအပ်နေတဲ့ လီဗာပူးက မက်အယ်လစ္စတာ၊ ဆိုဘော့ဇ်ဇလိုင်းတို့ကို ခေါ်ယူထားပေမယ့် အခုချိန်မှာတော့ မဖြစ်မနေ ကစားသမားသစ် ခေါ်ယူရဦးမှာပါ။
အဲ့ဒါကြောင့်လည်း နဗီးလ်က ဘရိုက်တန်ကနေ ထွက်ခွာဖို့ သတင်းပြေးနေတဲ့ ကိုင်စီဒိုကို ခေါ်ယူဖို့အတွက် လီဗာပူးကို တိုက်တွန်းလိုက်တာပါ။ ချဲလ်ဆီးကလည်း ခေါ်ယူဖို့ အသည်းအသန်စိတ်ဝင်စားနေပြီး ချဲလ်ဆီးကိုလည်း ပြောင်းရွှေ့ချင်နေတဲ့ ကိုင်စီဒိုအတွက် ဘရိုက်တန်က ပြောင်းရွှေ့ကြေး ပေါင်သန်း (၁၀၀) သတ်မှတ်ထားပါတယ်။
နဗီးလ်က “လီဗာပူးအနေနဲ့ အခုချိန်မှာ ကိုင်စီဒိုအတွက် ပေါင်သန်း (၁၀၀) ပေးပြီး ခေါ်ယူသင့်ပါတယ်။ ဒါပေမယ့် သူတို့ မလုပ်ဘဲ ဆောက်သမ်တန်က လာဗီယာကို ပေါင်သန်း (၄၀) ပေးဖို့ လုပ်နေပါတယ်။ လာဗီယာကလည်း ကစားသမားကောင်းပါ။ ဒါပေမယ့် ကလော့ပ်အနေနဲ့ တကယ့် ခေါ်ယူမှုကို လုပ်သင့်ပါတယ်။ အလားအလာရှိတဲ့ ကစားသမားနဲ့ပဲ မန်စီးတီးကို စိန်မခေါ်နိုင်ပါဘူး”
“တကယ့် အမှန်အကန် ကစားသမားနဲ့ပဲ မန်စီးတီးကို စိန်ခေါ်နိုင်မှာပါ” လို့ ပြောကြားခဲ့ပါတယ်။ လီဗာပူးဟာ ဆောက်သမ်တန်ကွင်းလယ်လူ လာဗီယာကို ခေါ်ယူဖို့ ကြိုးစားနေပြီး ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဒီကစားသမားအတွက် ပြောင်းရွှေ့ကြေး ပေါင် (၄၅) သန်း နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းဆန်ပယ်ချခံခဲ့ရပါတယ်။