ယူနိုက်တက် အသင်းခေါင်းဆောင်ဟောင်းကြီး ရွိုင်ကိန်းက အသင်းနဲ့ပြဿနာဖြစ်ပွားနေတဲ့ ဆန်ချိုကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။ ဆန်ချိုဟာ လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းကြီးနဲ့ ပူးပေါင်းခွင့် ပိတ်ပင်ခံထားရတဲ့ ကစားသမားပါ။
နည်းပြတန်ဟက်ခ်ကို ဆိုရှယ်မီဒီယာကတစ်ဆင့် ပြန်လည်တုံ့ပြန်ခဲ့တဲ့နောက် တန်ဟက်ခ်က ဆန်ချိုကို ပြင်းပြင်းထန်ထန် ကိုင်တွယ်နေတာဖြစ်ပါတယ်။ ဆန်ချိုနဲ့ တန်ဟက်ခ်တို့အကြား ဖြစ်ပွားခဲ့တဲ့ ပြဿနာနဲ့ ပတ်သက်လို့ ပရိသတ်တွေအကြား ဝိဝါဒကွဲပြားနေသူတွေလည်း ရှိပါတယ်။
အချို့ကတော့ ဆန်ချိုကို တန်ဟက်ခ်က လူသိရှင်ကြားဝေဖန်ခဲ့လို့ ပြဿနာဖြစ်တယ်၊ အချို့ကတော့ ဆန်ချိုအနေနဲ့ နည်းပြကို ဒါမျိုး မတုံ့ပြန်ရဘူး အစရှိသဖြင့် ဝေဖန်ပြောကြားနေကြတာပါ။ ဒါပေမယ့် ရွိုင်ကိန်းကတော့ “ဆန်ချိုသာ ကောင်းကောင်း လေ့ကျင့်ခန်းမဆင်းခဲ့ဘူးဆိုရင် ကျွန်တော် ဒေါသထွက်မှာပါ”
“ဒါပေမယ့် ဒါက သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးဖြစ်ပြီး ကျွန်တော်တို့မှာ မတူကွဲပြားမှုတွေရှိကြပါတယ်။ ဒါပေမယ့် ကျွန်တော်သာ ဆန်ချိုနေရာမှာဆိုရင် နည်းပြက ဒါမျိုး လာပြောတာပဲဖြစ်ဖြစ်၊ မီဒီယာကနေ ပြောတာကိုပဲဖြစ်ဖြစ် ခံရရင် ဘဝနဲ့ချီပြီး အရှက်ရမိမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း ရွိုင်ကိန်းက “ကျွန်တော်တို့လည်း အဝတ်လဲခန်းထဲမှာ နေခဲ့ဖူးတာပဲ။ တကယ်လို့ သူက ထရိန်နင်ကောင်းကောင်းမလုပ်ခဲ့ဘူးဆိုရင် ဒါကို ပြောင်းလဲနိုင်ပါတယ်။ ‘ဆောရီး ကိုယ့်လူတို့။ ငါ အမှားလုပ်ခဲ့မိတယ်’ ဆိုတာနဲ့ အားလုံးက ဒါကို မြန်မြန်ဆန်ဆန်ပဲ မေ့ပစ်လိုက်ကြတာပါ။ အဝတ်လဲခန်းတွေက ပေါက်ကွဲအား ပြင်းထန်ပါတယ်။ ဒါပေမယ့် ကစားသမားတစ်ယောက်က ဂရုစိုက်တဲ့အမူအရာမျိုး ပြတာနဲ့ ကျွန်တော်တို့ မြန်မြန်ဆန်ဆန်ပဲ မေ့ပစ်လိုက်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။