ခရစ္စဆိုတဲ့ ဖခင်တယောက်ဟာ သူ့ရဲ့ အသက် (၁၂) နှစ်အရွယ်သားဖြစ်သူ ဇက်ကို ရော်နယ်ဒို ကစားတဲ့ပွဲကို ကွင်းထဲလိုက်ပြဖို့ ကြိုးစားတိုင်း ကံဆိုးနေရတယ်လို့ သိရှိရပါတယ်။ ရော်နယ်ဒို ဂျူဗင်တပ်စ်မှာ ကစားနေတည်းက ခရစ္စတို့သားအဖဟာ ရော်နယ်ဒို ကစားတာကို မြင်တွေ့ရဖို့ ကွင်းအတွင်း သွားရောက်ကြည့်ရှုခဲ့ပါတယ်။
(၂၀၂၀) တုန်းက အခုလို သွားရောက်ကြည့်ရှုခဲ့တာဖြစ်ပြီး ကံဆိုးစွာနဲ့ပဲ အဲ့ဒီပွဲမှာ ရော်နယ်ဒိုတယောက် အနားပေးခံထားရပါတယ်။ ခရစ္စဟာ အဲ့ဒီပွဲအတွက် ပေါင် (၁,၅၅၀) အထိ အကုန်အကျခံပြီး သားဖြစ်သူကို ရော်နယ်ဒိုကစားတာ မြင်တွေ့ခွင့်ရဖို့ လိုက်ပြခဲ့တာပါ။ ပြီးခဲ့တဲ့မတ်လအတွင်း မန်ချက်စတာဒါဘီမှာလည်း ခရစ္စက ပေါင် (၁.၅၀၀) ထပ်မံအကုန်ခံပြီး ရော်နယ်ဒို ကစားတာကို လာရောက်ကြည့်ရှုခဲ့ပါတယ်။
ဒါပေမယ့် အဲ့ဒီမန်ချက်စတာဒါဘီပွဲမှာလည်း ရော်နယ်ဒိုတယောက် ဒဏ်ရာပြဿနာကြောင့် မပါဝင်နိုင်ခဲ့ဘဲ ပွဲမကန်ခင်တည်းက ပေါ်တူဂီကို ပြန်သွားခဲ့တာကြောင့် အဆိုပါသားအဖနှစ်ယောက် ရော်နယ်ဒိုနဲ့ လွဲခဲ့ရပါတယ်။ နောက်ဆုံး ပြီးခဲ့တဲ့ စနေညက ကစားခဲ့တဲ့ လက်စတာနဲ့ပွဲမှာလည်း ခရစ္စနဲ့ဇက်တို့ အိုးထရက်ဖို့ဒ်ကွင်းထဲအထိ သွားကြည့်ခဲ့ပေမယ့် အဲ့ဒီပွဲကိုလည်း ရော်နယ်ဒိုက အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ရပြန်ပါတယ်။
အဲ့ဒါကြောင့်လည်း ခရစ္စက “ခြေကုန်လက်ပမ်းကျနေပြီဗျာ။ ကျနော့်သား ဇက်ကို ရော်နယ်ဒို ကစားတာ မြင်တွေ့ခွင့်ရအောင် ခေါ်သွားပေးမယ်လို့ ကတိပေးခဲ့ပါတယ်။ ဒီတော့ ကျနော် တနေ့နေ့တော့ ဖြစ်အောင်လုပ်ပေးမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။
ခရစ္စကတော့ သူ့သားကို ရော်နယ်ဒိုကစားတာပြပေးဖို့အတွက် လက်ရှိအချိန်မှာ ပေါင်သုံးထောင်ကျော် အလဟဿကုန်သွားခဲ့ပြီဖြစ်ပါတယ်။ ခရစ္စနဲ့ဇက်တို့သားအဖနှစ်ယောက် ရော်နယ်ဒို ကွင်းထဲကစားတာကို ဘယ်တော့မှမြင်တွေ့ခွင့်ရမလဲ၊ ထပ်ပြီး လွဲချော်နေဦးမလားတော့ စိတ်ဝင်စားစရာပဲဖြစ်ပါတယ်။