ယူနိုက်တက်ရဲ့ လူငယ်ကစားသမားလေး ချာလီဆားဗေ့ချ်ဟာ ဒီတပတ်မှာ ယူနိုက်တက်အသင်းကြီးနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်ရရှိခဲ့ပါတယ်။ အသက် (၁၉) နှစ်အရွယ် ချာလီအနေနဲ့ ပြီးခဲ့တဲ့ အင်္ဂါက ရော်နယ်ဒိုနဲ့အတူ လေ့ကျင့်ခန်းဆင်းနေတဲ့ပုံကို တွစ်တာပေါ်မှာ တင်ထားခဲ့ပါတယ်။
ယူနိုက်တက်ဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ရပ်တည်မှုပိုင်းအရ အရေးမပါတော့ဘဲ ရာသီပိတ် ခရစ္စတယ်ပဲလေ့စ်နဲ့ အဝေးကွင်းပွဲကို ဖိအားကင်းကင်းနဲ့ ယှဥ်ပြိုင်ကစားနိုင်မှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အသင်းကြီးရဲ့ လေ့ကျင့်ခန်းအစီအစဥ်တွေမှာ အကယ်ဒမီနဲ့ လူငယ်အသင်းတွေက ခြေစွမ်းခြေစရှိတဲ့ ကစားသမား အများအပြားကို ခေါ်ယူ လေ့ကျင့်ခန်းဆင်းစေလျက်ရှိပါတယ်။
ချာလီတင်ခဲ့တဲ့ ဓာတ်ပုံထဲမှာတော့ ရော်နယ်ဒိုက သူ့ကို တစုံတခု သင်ကြားပြသပေးနေဟန်ရှိပါတယ်။ ချာလီဆားဗေ့ချ်ဟာ ပရီးမီးယားလိဂ်ပရိသတ်တိုင်း သိကြတဲ့ ရော်ဘီဆားဗေ့ချ်ရဲ့သားဖြစ်ပြီး ဘော်ဘီကလည်း ဒီပုံနဲ့ပတ်သက်လို့ ရော်နယ်ဒိုကို နောက်ပြောင်သွားခဲ့ပါတယ်။
ရော်ဘီဆားဗေ့ချ်က “မင်းအဖေက ငါ့ကို အမြဲတမ်း လိုက်ကန်နေကျပဲလို့ ရော်နယ်ဒိုပြောနေတာဖြစ်မယ်” လို့ ရေးသားခဲ့တာဖြစ်ပါတယ်။ ဒါဟာ ရော်ဘီဆားဗေ့ချ်အနေနဲ့ တချိန်တုန်းက ပြိုင်ဆိုင်မှုတွေကို ပြန်လည်အမှတ်ရတဲ့အနေနဲ့ ရော်နယ်ဒိုကို နောက်ပြောင်ခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူကတော့ "အမြဲတမ်းသင်ယူနေတယ်" ဆိုတဲ့ စာသားနဲ့အတူ ရော်နယ်ဒိုနဲ့သူ့ရဲ့ဓာတ်ပုံကို တင်ထားခဲ့တာပါ။
ရော်ဘီဆားဗေ့ချ်ဟာ လက်စတာ၊ ဘလက်ဘန်း၊ ဘာမင်ဂမ်၊ ဒါဘီတို့မှာ ကစားခဲ့ပြီး လက်ရှိအချိန်မှာတော့ ကစားသမားဘဝကနေ အနားယူခဲ့ပြီးဖြစ်ပါတယ်။ ရော်နယ်ဒိုရဲ့ ယူနိုက်တက် ကစားသမားဘဝ ပထမဆုံးအကြိမ်မှာ ရော်နယ်ဒိုနဲ့ ရော်ဘီဆားဗေ့ချ်တို့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းက ရော်နယ်ဒိုရဲ့ကစားပုံကိုပါ ရော်ဘီဆားဗေ့ချ်က ရည်ညွှန်းနောက်ပြောင်ခဲ့တာဖြစ်ပါတယ်။