ဒီယက်ဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့အပေါ် ကလော့ပ် ပျော်ရွှင်နေတာပါ။

လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က ပေါ်တိုရဲ့ ကိုလံဘီယာ တောင်ပံကစားသမား လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သက်လို့ အမှန်တကယ် လိုချင်နေတဲ့ ကစားသမားတယောက်ကို ခေါ်ယူနိုင်ခဲ့ပြီလို့ ကြုံးဝါးပြောဆိုခဲ့ပါတယ်။



လီဗာပူးဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ လုံလောက်တဲ့ အင်အားဖြည့်တင်းမှု မလုပ်ခဲ့ဘူးလို့ ဝေဖန်ခံခဲ့ရပြီး လက်ရှိ ဆောင်းရာသီ အပြောင်းအရွှေ့မှာလည်း ဆာလာ၊ မာနေးတို့ကို အာဖရိကဖလား အတွက် စေလွှတ်ပေးထားခဲ့ရပါတယ်။

လက်ရှိအချိန်မှာတော့ လီဗာပူးတို့ လူးဝစ်ဒီယက်ဇ်ကို အရခေါ်ယူခဲ့တာဖြစ်ပြီး ဆေးစစ်မှုပြီးဆုံးကာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို သဘောတူညီမှုရရှိခဲ့တဲ့နောက် ကာလရှည် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ ဒီယက်ဇ်ဟာ လတ်တလောမှာ ကိုလံဘီယာနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဆင်နွှဲနေပြီး လက်ရွေးစင်ပွဲစဥ်ပြီးဆုံးချိန်မှာ လီဗာပူးနဲ့ လာရောက် ပူးပေါင်းတော့မှာပါ။

ဒီယက်ဇ်အနေနဲ့ လီဗာပူးမှာ ကျောနံပါတ် (၂၃) ကို ဝတ်ဆင်မယ်လို့လည်း သိရှိရပြီး အသက် (၂၅) နှစ်အရွယ် ဒီယက်ဇ်ကို ခေါ်ယူနိုင်ခဲ့တာနဲ့ ပတ်သက်လို့ လီဗာပူးနည်းပြ ကလော့ပ်က အခုလိုပဲ ဝမ်းသာအားရ ပြောကြားခဲ့ပါတယ်။ ကလော့ပ်က “လူးဝစ်ဒီယက်ဇ်ကို ခေါ်ယူနိုင်ခဲ့တဲ့နောက် ကျနော် ဒီထက်ပိုပြီး မပျော်ရွှင်နိုင်တော့ပါဘူး”

“နွေရာသီမှာ ကျနော်တို့ လိုချင်ခဲ့တဲ့ ကစားသမားတွေကို ဇန်နဝါရီမှာ ခေါ်ယူနိုင်တဲ့အပေါ် ကျနော်က အမြဲတမ်း ယုံကြည်မှုရှိတဲ့သူပါ။ အခု ဒီယက်ဇ်ကိစ္စလည်း အလားတူပါပဲ။ သူက ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး ကျနော်တို့ ကာလရှည် စောင့်ကြည့်ခဲ့ရတဲ့ ကစားသမားပါ"

"ကျနော်တို့နဲ့အတူ ပရီးမီးယားလိဂ်မှာ အံဝင်ဖို့ သူ့ဆီမှာ အရာအားလုံး ပြီးပြည့်စုံနေတယ်လို့ ကျနော်တို့ ယုံကြည်ထားပါတယ်။ စိတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရရောပေါ့။ ဒီအပြောင်းအရွှေ့ လွယ်လွယ်ကူကူ အဆုံးသတ်နိုင်အောင် ကူညီပေးတဲ့ ကိုလံဘီယာ ဘောလုံးအဖွဲ့ချုပ်ကိုလည်း ကျနော် ကျေးဇူးတင်ပါတယ်”

“သူတို့က အင်္ဂါနေ့မှာ ပွဲကြီးတပွဲ ကစားဖို့ရှိနေပါတယ်။ ဒီယက်ဇ်က ကျနော်တို့ကို ပိုကောင်းအောင် လုပ်ပေးနိုင်တဲ့ ကစားသမားဆိုတာကို ကျနော် ယုံကြည်ပြီး ကျနော်တို့ အမှန်တကယ် လိုချင်တဲ့ ကစားသမားကို တကယ်ရအောင် ခေါ်နိုင်လို့ ကျနော် အရမ်းအရမ်းကို ပျော်ရွှင်နေပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က