အာဆင်နယ်ပရိသတ်တွေဟာ ဘာစီလိုနာရဲ့ လာဘ်ပေးလာဘ်ယူမှုကိစ္စရပ်တွေ သတင်းပေါက်ကြားလာတဲ့နောက် အာဆင်နယ်ကို ချန်ပီယံလိဂ်ဖလားလွှဲအပ်ပေးဖို့ တောင်းဆိုလာကြပါတယ်။ ဘာစီလိုနာဟာ လက်ရှိမှာ ဒိုင်လူကြီးတွေကို လာဘ်ထိုးခဲ့မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခံနေရပါတယ်။
ဘာစီလိုနာဟာ ပြီးခဲ့တဲ့ (၂၀၀၁) ခုနှစ်ကနေ (၂၀၁၈) ခုနှစ်အထိ (၁၇) နှစ်ကြာ ကာလအတွင်း လာလီဂါရဲ့ နည်းစနစ်ဒိုင်လူကြီးကော်မတီ ဒုတိယဥက္ကဌကို ငွေကြေးပေးချေမှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးခံနေရပါတယ်။ ဘာစီလိုနာအနေနဲ့ အဆိုပါကာလအတွင်း သက်ဆိုင်ရာ ဒိုင်လူကြီးကို ယူရို (၇.၅) သန်း ပေးချေခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။
အဲ့ဒါကြောင့်လည်း လက်ရှိအချိန်မှာ စပိန်တရားရုံးက ဘာစီလိုနာကို စွဲချက်တင် စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ ဒါ့အပြင် ယူအီးအက်ဖ်အေကလည်း ဘာစီလိုနာနဲ့ ပတ်သက်တဲ့ တရားစီရင်မှုတွေကို စောင့်ကြည့်နေပြီး ပြစ်မှုထင်ရှားခဲ့ပါက ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထုတ်ပယ်သွားဖွယ်ရှိပါတယ်။
ဒီလိုအချိန်မှာပဲ အာဆင်နယ်ပရိသတ်တွေက ပြီးခဲ့တဲ့ (၂၀၀၆) ခုနှစ်မှာ လက်လွှတ်ဆုံးရှုံးခဲ့ရတဲ့ သူတို့ရဲ့ ချန်ပီယံလိဂ်ဖလားအတွက် အခုလိုမျိုးပဲ တောင်းဆိုလာကြပါတယ်။ ဘာစီလိုနာနဲ့ အာဆင်နယ်တို့ဟာ (၂၀၀၆) ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ခဲ့ကြတဲ့ အသင်းတွေပါ။
အဆိုပါပွဲမှာ အာဆင်နယ်က ဦးဆောင်နိုင်ခဲ့ပေမယ့် ယန်းလေမန်း အထုတ်ခံရမှုနဲ့အတူ အီတူး၊ ဘယ်လက်တီတို့ရဲ့ ဂိုးတွေကိုလည်း ခွင့်ပြုခဲ့ရတာကြောင့် ၂-၁ ဂိုးနဲ့ အရေးနိမ့်ကာ ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရပါတယ်။ အခု ဘာစီလိုနာနဲ့ပတ်သက်တဲ့ စစ်ဆေးမှုတွေ ပေါ်ပေါက်လာချိန်မှာတော့ အာဆင်နယ်ပရိသတ်တွေက အဲ့ဒီနှစ်က ချန်ပီယံလိဂ်ဖလားကို သူတို့ရထိုက်တယ်လို့ ယူဆနေကြပြီး ဆိုရှယ်မီဒီယာမှာ တောင်းဆိုလာခဲ့ကြတာလည်း ဖြစ်ပါတယ်။