ဆီဗီလာကွင်းလယ်လူ အိုင်ဗန်ရာကီတစ်က မနက်ဖြန်ကစားရမယ့် ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ မတိုင်ခင်မှာ ပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို သတိပေးမှုတွေ လုပ်သွားခဲ့ပါတယ်။ ဆီဗီလာအသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ ရာမွန်ဆန်းချက်ဇ်ပစ်ဇ်ဟွမ်ကွင်းကြီးက ဘယ်လိုမျိုးတွေ ဖိအားရှိလဲဆိုတာကို ယူနိုက်တက်တို့ မသိဘူးလို့ ပြောဆိုခဲ့သလို သူတို့ဒုက္ခရောက်တော့မယ်လို့လည်း သတိပေးသွားခဲ့တာပါ။
အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပထမအကျော့မှာ ဆီဗီလာတို့ အဖိုးတန်ချေပဂိုး ၂ဂိုးအထိ ပြန်သွင်းနိုင်ခဲ့ကာ ၂-၂ သရေကျခဲ့လို့ အိမ်ကွင်းမှာ အခွင့်အရေးအပြည့်အ၀ရှိနေဆဲဖြစ်ပါတယ်။ ယူနိုက်တက်နဲ့ ရင်ဆိုင်ထားဖူးတဲ့ ဥရောပပွဲတွေမှာလည်း ရလဒ်ကောင်းတွေပဲ ရထားခဲ့လို့ ဒီပွဲက ဆီဗီလာအတွက် မျှော်လင့်ချက်အများအပြားရှိနေတာလည်းဖြစ်ပါတယ်။
ရာကီတစ်က "မနက်ဖြန်မှာ ဘာတွေက စောင့်ဆိုင်းနေမလဲဆိုတာကို ဒီလူတွေ (ယူနိုက်တက်) မသိဘူး၊ သူတို့က အတွေ့အကြုံရင့်ကစားသမားတွေအများကြီးနဲ့ သန်းပေါင်းများစွာရှိတဲ့ အသင်းတသင်းပါ၊ ဒါပေမယ့် ယူနိုက်တက်က ဒီကွင်းကြီးက ဘယ်လိုမျိုးတွေနဲ့ ပြည့်နှက်နေလဲဆိုတာကို မသိပါဘူး၊ ကျနော် ဘာကာမှာ ကစားနေချိန် တခြားကစားသမားတွေက ကွင်းထဲမှာဆိုရင် ဆီဗီလာသီချင်းကိုတောင် လိုက်ဆိုနေကြတာပါ"
"ထူးခြားပါတယ်၊ ကျနော်တို့ ပရိသတ်တွေ ဖန်တီးထားတာက အရမ်းအထင်ကြီးဖို့လည်းကောင်းတယ်၊ ဒီဂီယာနဲ့ ကက်စ်မဲရိုးလို စပိန်မှာ ကစားဖူးသူတွေကတော့ ဒါက ဘယ်လိုတွေလဲဆိုတာကို ရှင်းပြပါလိမ့်မယ်၊ ခင်ဗျား ဘယ်နေရာကိုပဲရောက်နေနေ ဒီပြိုင်ပွဲက ဆီဗီလာရဲ့ ပြိုင်ပွဲပဲလို့ ပြောကြမှာပဲ၊ သူတို့ ဒုက္ခရောက်တော့မှာပါ၊ နောက်တဆင့်တက်မယ်လို့ ကျနော် အာမ,မခံနိုင်ပေမယ့် ကွင်းထဲမှာ အရာအားလုံးကို ပေးဆပ်သွားမှာပါ" လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒီပွဲအတွက် ဒီဂီယာနဲ့ ကက်စ်မဲရိုးတို့ နှစ်ဦးကို သတိထားရမယ်လို့လည်း ရာကီတစ်က ပြောဆိုခဲ့ပါတယ်။ ဆီဗီလာဟာ ယူရိုပါလိဂ်မှာ ဆုဖလားအများဆုံးဆွတ်ခူးထားတဲ့အသင်းဖြစ်ကာ ယူရိုပါလိဂ်ဘုရင်ကြီးလို့ တင်စားခံခဲ့ရပါတယ်။ ယူနိုက်တက်တို့ ကျော်ဖြတ်နိုင်မလားဆိုတာကတော့ မနက်ဖြန် အဖြေပေါ်တော့မှာပါ။