ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးသောမတ်စ်မူလာကတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှာ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရမှာက ကောင်းမွန်တဲ့မဲခွဲမှုရလဒ်တခုလို့ ပြောဆိုလိုက်ပါတယ်။ ဒါ့အပြင် မူလာက မန်စီးတီးကို ဘိုင်ယန်မြူးနစ်လာခဲ့မယ်လို့ ရယ်ရယ်မောမောနဲ့ ပြောဆိုရင်း သတိပေးမှုတွေလည်း သူ့ရဲ့ လူမှုကွန်ရက်အကောင့်ကနေ ပြုလုပ်သွားခဲ့ပါတယ်။
ဒီနှစ်သင်းကတော့ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေဖြစ်နေပြီး ကွာတားဖိုင်နယ်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြတာပါ။ မန်စီးတီးနည်းပြဂွာဒီယိုလာအတွက်လည်း အသင်းဟောင်းဘိုင်ယန်မြူးနစ်ကို ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပြီး လက်ရှိမှာ အကောင်းဆုံးခြေစွမ်းတွေပြသနေလို့ ဒီပွဲက ဗိုလ်လုပွဲသဖွယ် ခံစားရမယ့် ပွဲလည်းဖြစ်ပါတယ်။ အနိုင်ရတဲ့အသင်းဟာ ရီးရဲလ်မက်ဒရစ်-ချယ်လ်ဆီးပွဲက အနိုင်ရတဲ့အသင်းနဲ့ ဆီမီးဖိုင်နယ်ပွဲကို ထပ်မံကစားရမှာဖြစ်ပါတယ်။
မူလာက "ကောင်းမွန်တဲ့ ရလဒ်ပါပဲ၊ မန်ချက်စတာစီးတီးရေ၊ ငါတို့လာပြီနော်" လို့ သူ့ရဲ့ တွစ်တာအကောင့်ကနေ ပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်ဟာ ၁၆ သင်းအဆင့်မှာ မက်ဆီ၊ နေမာနဲ့ ဘတ်ပီတို့ရဲ့ ပီအက်စ်ဂျီအသင်းကို အနိုင်ယူပြီး ဒီအဆင့်ကိုရောက်လာခဲ့တာပါ။ မန်စီးတီးကလည်း ဂျာမန်အသင်းတသင်းဖြစ်တဲ့ လိုက်ဇစ်ကို ၇-၀ နဲ့ အနိုင်ကစားပြီး ကွာတားဖိုင်နယ်တက်ခဲ့တာဖြစ်ပါတယ်။
ဒီနှစ်သင်းဟာ ၂၀၁၁ ချန်ပီယံလိဂ်တုန်းက အုပ်စုအဆင့်မှာ ရင်ဆိုင်ခဲ့ဖူးပြီး အိမ်ကွင်းမှာ အပြန်အလှန်အနိုင်ရခဲ့ကြပါတယ်။ ၂၀၁၃-၁၄ ဘောလုံးရာသီမှာလည်း အုပ်စုတွင်းမှာ ပြန်လည်တွေ့ဆုံခဲ့ကြပြီး အဲဒီတုန်းကတော့ ဂွာဒီယိုလာက ဘိုင်ယန်နည်းပြအဖြစ်နဲ့ရှိနေပြီး ဒီတကြိမ်ကတော့ အဝေးကွင်းတွေမှာ အပြန်အလှန်အနိုင်ရခဲ့ကြပါတယ်။ ၂၀၂၂-၂၃ မှာတော့ ရှုံးထွက်အဆင့်မှာ ပထမဆုံးအကြိမ်အဖြစ် သူတို့ရင်ဆိုင်ခဲ့ကြရတော့မှာပါ။