ဘာစီလိုနာကို ပြန်လည်ဝေဖန်ခဲ့တာပါ။

ဘာစီလိုနာ နောက်ခံလူဟောင်း ပီကေးက အသင်းရဲ့ ဘဏ္ဍာရေး ပြဿာနာတွေနဲ့ ပတ်သက်လို့ မီဒီယာတွေရဲ့ သားကောင်ဖြစ်ခဲ့တဲ့အပေါ် ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။ ဘာစီလိုနာဟာ ပြီးခဲ့တဲ့နွေရာသီကတည်းက ဘဏ္ဍာရေးပြဿနာတွေနဲ့ ဆက်တိုက် ကြုံတွေ့ခဲ့ရပြီး ကစားသမားသစ်တွေကို ခေါ်ယူနိုင်ဖို့၊ မှတ်ပုံတင်နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားရုန်းကန်ခဲ့ရပါတယ်။



အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီမှာ လာလီဂါချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပေမယ့် ဘဏ္ဍာရေးပြဿနာက အခုချိန်အထိ အသင်းအတွက် ကြီးမားတဲ့ အခက်အခဲတစ်ခုဖြစ်နေဆဲပါ။ ဘာစီလိုနာအနေနဲ့ ဒီနွေမှာ အသင်းရဲ့ ဂန္တဝင်ကစားသမားဟောင်း မက်ဆီကို ခေါ်ယူဖို့အတွက် သတင်းထွက်ခဲ့ပေမယ့်လည်း သတ်မှတ်ထားတဲ့အချိန်အတွင်း ကမ်းလှမ်းနိုင်ခဲ့ခြင်း မရှိခဲ့သလို မက်ဆီကိုယ်တိုင်ကလည်း အရင်ကလို အဖြစ်မျိုးနဲ့ ထပ်မံမကြုံလိုကြောင်း ပြောဆိုကာ ဘာစီလိုနာကို ငြင်းဆန်ခဲ့ပါတယ်။  

ဒါ့အပြင် မက်ဆီ ဘာစီလိုနာကနေ ထွက်ခွာခဲ့ရချိန်မှာလည်း ပီကေးအနေနဲ့ ကိုဗစ်ကာလအတွင်း လစာလျှော့မယူခဲ့လို့၊ လျှော့ယူခဲ့တဲ့ လစာတွေကို ပြန်လည်တောင်းခံခဲ့လို့ အစရှိသဖြင့် အမျိုးမျိုးသော ဝေဖန်ပြစ်တင်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲ့ဒီနောက် ပြီးခဲ့တဲ့ရာသီအတွင်းမှာတော့ ပီ‌ကေးက ကစားသမားဘဝကနေ ရုတ်တရက် အနားယူသွားခဲ့ပါတယ်။

အခုချိန်မှာ ပီကေးက “ကျွန်တော် ဘာစီလိုနာကနေ ထွက်ခဲ့ရတာကို ဝမ်းသာပါတယ်။ ဘာာကြောင့်လဲဆိုတော့ သူတို့ရဲ့ လစာငွေကိစ္စအတွက် ကျွန်တော် ကူညီပေးနိုင်ခဲ့တယ်လေ။ ဒါပေမယ့် အခုလည်း သူတို့က ဘဏ္ဍာရေးပြဿနာတက်နေဆဲပါ။ အခု အသင်းကနေ ဘယ်သူထွက်ရမလဲဆိုတာ ကျွန်တော် အံ့အားသင့်နေပါပြီ။ လူတွေက ကျွန်တော်ရယ်၊ ဘတ်စ်ကွက်စ်ရယ်၊ အယ်လ်ဘာရယ် သုံးယောက်ကို လစာပြဿနာအတွက် တာဝန်ရှိတယ်လို့ ပြောခဲ့တာပါ”

“အခု ကျွန်တော်တို့ အားလုံး ဘာစီလိုနာကနေ ထွက်လိုက်ပါပြီ။ ဒါတောင်မှ အသင်းက ကစားသမားသစ် မခေါ်နိုင်သေးပါဘူး” လို့ ပြောကြားခဲ့ပါတယ်။ ဘာစီလိုနာရဲ့ ဝါရင့် ကစားသမားတွေဖြစ်ကြတဲ့ အယ်လ်ဘာ၊ ဘတ်စ်ကွက်စ်တို့ဟာလည်း ဘာစီလိုနာ ကစားသမားဘဝ နောက်ဆုံးပွဲတွေကို ကိုယ်စီကစားပေးခဲ့ကြပြီးဖြစ်ပြီး တစ်ချိန်တုန်းက ဘာစီလိုနာရဲ့ ရွှေရောင်မျိုးဆက်တစ်ခုကလည်း ရပ်တန့်ခဲ့ပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က