ပြင်သစ်သတင်းစာ L'Equipe ရဲ့ ဖော်ပြချက်အရ ဆော်ဒီကလပ် အယ်လ်ဟီလယ်ဟာ ဆာဂျီယိုရာမို့စ်ကို ၂နှစ်စာချုပ်နဲ့ ကမ်းလှမ်းဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ ရာမို့စ်ကတော့ ရာသီကုန်မှာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အသက် ၃၇ နှစ်အရွယ် နောက်ခံလူကို ပြင်သစ်ကလပ်က စာချုပ်သစ်မချုပ်ဖို့ ဆုံးဖြတ်ထားတယ်လို့လည်း သတင်းတွေထွက်နေပါတယ်။
နမာည်ကျော်နောက်ခံလူတဦးအဖြစ်နဲ့ သူ့ရဲ့ ကစားသမားဘ၀ကို ရာမို့စ်က တည်ဆောက်နိုင်ခဲ့ပြီး အခုကတော့ သူ အနားယူဖို့အချိန် တဖြည်းဖြည်းနီးကပ်လာခဲ့တာဖြစ်ပါတယ်။ အယ်လ်ဟီလယ်က သူတို့အသင်းကိုသာ ရာမို့စ်ပြောင်းရွှေ့လာမယ်ဆိုရင် တနှစ်လုပ်ခ ယူရိုသန်း ၃၀ အထိ ပေးချေမယ်လို့ ကမ်းလှမ်းထားပြီး ဒါဟာ ပီအက်စ်ဂျီမှာ သူရရှိနေတဲ့ လုပ်ခလစာရဲ့ ၄ ဆလည်းဖြစ်ပါတယ်။
အယ်လ်ဟီလယ်ကတော့ ဆော်ဒီလိဂ်မှာ အဆင့် ၄ နေရာရပ်တည်နေတဲ့အသင်းဖြစ်ပြီး လာမယ့်ရာသီမှာ အယ်လ်အီတီဟတ်နဲ့ အယ်လ်နာဆာတို့ကို စိန်ခေါ်နိုင်ဖို့ ပြင်ဆင်ချင်နေတာပါ။ ဒါပေမယ့် ရာမို့စ်ကတော့ ပြင်သစ်မှာ ဆက်ကစားချင်နေတယ်လို့သိရပြီး ပီအက်စ်ဂျီမှာ လစာငွေလျှော့ယူပြီး ထပ်ရှိနိုင်မလားဆိုတာက စောင့်ကြည့်ရပါဦးမယ်။
အယ်လ်ဟီလယ်ဟာ မက်ဆီကိုလည်း တနှစ်လုပ်ခမှာ ရော်နယ်ဒိုထက် ပိုပေးမယ်လို့ ကမ်းလှမ်းထားတဲ့အသင်းဖြစ်ပါတယ်။ မက်ဆီနဲ့ ရာမို့စ်တို့နှစ်ဦးစလုံးကို တပြိုင်တည်းခေါ်ယူဖို့ ကြံစည်နေတာဖြစ်ပြီး ဒီအပြောင်းအရွှေ့သာ ဖြစ်မြောက်ခဲ့ရင်တော့ ဆော်ဒီလိဂ်က ပိုပြီးစိတ်ဝင်စားဖို့ ကောင်းလာမှာ သေချာပါတယ်။ သူသာ ပြောင်းရွှေ့ခဲ့မယ်ဆိုရင်တော့ အသင်းဖော်ဟောင်း ရော်နယ်ဒိုနဲ့ ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်ရမှာလည်းဖြစ်ပါတယ်။
ပီအက်စ်ဂျီဟာ အင်တာမီလန်နောက်ခံလူစကီရီနီယာကို အလွတ်ခေါ်ယူဖို့အတွက် အကြိုသဘောတူညီမှုရထားပြီးပါပြီ။ ဒါကြောင့် ရာမို့စ်ကို စာချုပ်သစ်မချုပ်ဘဲ ထွက်ခွာခွင့်ပေးနိုင်ချေက ပိုများနေကာ စပိန်သားရဲ့ အနာဂတ်က အပြောင်းအလဲတော့ သေချာပေါက်ဖြစ်လာမှာပါ။