အူဘာမီးယန်းကို လက်ရွေးစင်အသင်းကနေ ပြန်လည်စေလွှတ်ခဲ့တာပါ။

ဂါဘွန် လက်ရွေးစင်အသင်းဟာ သူတို့ရဲ့ အဓိက တိုက်စစ်မှူး အူဘာမီးယန်းကို အာဆင်နယ်ဆီ ပြန်လည် စေလွှတ်လိုက်ပြီလို့ သိရှိရပါတယ်။ အူဘာမီးယန်းဟာ အာဖရိကဖလားပွဲ ဆင်နွှဲဖို့ သွားရောက်ခဲ့ပေမယ့် လက်ရွေးစင်နဲ့မပူးပေါင်းခင် ပါတီပေးခဲ့ပြီး အဲ့ဒီပါတီပွဲမှာ ကိုဗစ်ကူးစက်ခံခဲ့ရပါတယ်။



အူဘာမီးယန်းအနေနဲ့ ကိုဗစ်ပျောက်ကင်းပြီးနောက် အသေးစားနှလုံးရောဂါ ပြဿနာနဲ့ ရင်ဆိုင်နေရတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပြီး လက်ရှိအချိန်မှာတော့ လက်ရွေးစင်အသင်းကနေ ပြန်လည် စေလွှတ်ခံခဲ့ရတာပါ။ အူဘာမီးယန်းဟာ ဂါဘွန်နဲ့ သွားရောက်မပူးပေါင်းခင်တည်းက အာဆင်နယ်မှာ စည်းကမ်းပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် အသင်းခေါင်းဆောင် လက်ပတ် ရုပ်သိမ်းခံရပြီး တယောက်တည်း လေ့ကျင့်ခန်း ဆင်းခဲ့ရပါတယ်။

ဒီလိုမျိုး အူဘာမီးယန်းကို ပြန်လွှတ်ခဲ့တာနဲ့ ပတ်သက်လို့ ဂါဘွန်နည်းပြ ပက်ထရစ်နီဗေးက “ကျနော် သိသလောက် သူတို့ (အူဘာမီးယန်းနဲ့ လယ်မီနာ) ကိုဗစ်ပျောက်တာ (၇၂) နာရီ ရှိပါပြီ။ ဒါပေမယ့် သူတို့အတွက် MRI ရိုက်ဖို့ ကျနော်တို့ မစီစဥ်ပေးနိုင်ပါဘူး။ အဲ့ဒီတော့ အကျိုးဆက်အနေနဲ့ ကစားသမားတွေက လေ့ကျင့်ခန်း ဆင်းလို့ မရတော့ပါဘူး”

“သူတို့အတွက် အခန်းထဲမှာပဲ နေရတာကလည်း စိတ်ညစ်ညူးစရာပဲလေ။ ဒီတော့ မနေ့ကပဲ အဖွဲ့ချုပ် ဥက္ကဌ နဲ့ တိုင်ပင်ပြီး ကလပ်အသင်းကို ပြန်လွှတ်လိုက်ပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ အူဘာမီးယန်းက ခက်ခဲတဲ့ အချိန်တွေ ဖြတ်သန်းခဲ့ရတယ်ဆိုပေမယ့် အာဆင်နယ်အတွက် အဓိက,ကစားသမားပါ”

“ကျနော်တို့က ကလပ်အသင်းတွေကိုလည်း ကစားသမားတွေရဲ့ အနေအထားနဲ့ ပတ်သက်လို့ အမြဲတမ်း အစီရင်ခံနေရပါတယ်။ ကစားသမားတွေရဲ့ ကျန်းမာရေး တခုခုဖြစ်ပြီဆိုရင် ခင်ဗျားတို့လည်း သိတဲ့အတိုင်း ကလပ်အသင်းတွေက သူတို့ကို လစာပေးထားရတာလေ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က