ဆိုင်နာမည် မရှိလို့ စားသုံးသူအများစုကတော့ငှက်ပျောတောလမ်းကမုန့်တီဆိုင်လို့သိကြတဲ့ဆိုင်လေးပါ။

မိုးရာသီနဲ့ရခိုင်မုန့်တီဆိုတာက လိုက်ဖက်ညီလှတဲ့အတွဲအစပ်တစ်ခုပါ။ မိုးအေးအေးမှာရခိုင်မုန့်တီ အာပူလျှာပူလေးသောက်ချင်သူတွေအတွက် လက်ရာကောင်းပြီး စျေးသင့်တဲ့ဆိုင်ကောင်းလေးတစ်ဆိုင်ကို ညွှန်းဆိုပေးချင်ပါတယ်။





တကူးတကလာရှာပြီးစားကြတယ်


ဒီဆိုင်လေးကတော့ဖွင့်ထားတာ၆နှစ်ဝန်းကျင်လောက်ရှိပြီဖြစ်တဲ့ ရခိုင်မုန့်တီဆိုင်လေးဖြစ်ပါတယ်။ဆိုင်နာမည် မရှိလို့ စားသုံးသူအများစုကတော့ငှက်ပျောတောလမ်းကမုန့်တီဆိုင်လို့သိကြတဲ့ဆိုင်လေးပါ။ စမ်းချောင်းက စားသုံးသူတွေရဲ့ အားပေးမှုကိုအခိုင်အမာရထားတဲ့ဆိုင်လေးလို့ ဆိုနိုင်ပါတယ်။အခုတော့စမ်းချောင်းတင်မက ရန်ကုန်မြို့တွင်းတခြားမြို့နယ်တွေကစားသုံးသူတွေပါတကူးတကရှာပြီးလာစားကြရတဲ့ဆိုင်လေးဖြစ်နေပါပြီ။ တစ်ရက်ကိုမုန့်တီပိသာချိန်၂၀လောက်ကုန်တဲ့ရောင်းအားကောင်းဆိုင်လေးပါ။



“အမကဆိုင်ဖွင့်ဖြစ်တာက အမယောင်းမရဲ့ကျေးဇူးကြောင့်ပေါ့ ယောင်းမကဒီမှာအရင်ရောင်းသွားတာ သူနိုင်ငံခြားသွားတဲ့အခါကျ အမကဒီနေရာလေးမှာဆက်ရောင်းဖြစ်တာ။ယောင်းမရဲ့ဖောက်သည်တွေကလည်း အမဆီမှာဆက်စားကြတယ် မိတ်ကပ်ညီညီမောင်စမ်းချောင်း မသုဆိုရင် ယောင်းမရဲ့ပင်တိုင်ဖောက်သည်တွေပါ။ အခုအမဆက်ရောင်းတဲ့အခါကျတော့လည်း မသုတို့ကအမလက်ရာကိုကြိုက်ကြပြီးဆက်အားပေးကျ ကြော်ညာပေးကြတော့ အမဆိုင်လေးကပိုပြီးလူသိလာတယ်။ရောင်းအားကပုံမှန်တော့တစ်ရက်ကို အချိန်၂၀လောက်တော့ကုန်ပါတယ်။”လို့ ဆိုင်ရှင်မနီလာကပြောပါတယ်။



ငါးရွှေမီးကင်နံ့လေးနဲ့မုန့်တီဟင်းရည်


ဒီဆိုင်လေးမှာရောင်းတဲ့ရခိုင်မုန့်တီကတော့ ရမ်းဗြဲဒေသချက်နည်းနဲ့ချက်ထားတဲ့မုန့်တီဟင်းရည်ပါ။ ဒေသချက်နည်းအတိုင်း ငါးရွှေမီးကင်ကိုသုံးပြီးချက်ထားတာကြောင့် မုန့်တီဟင်းရည်ကကြည်ကြည်ချိုချိုလေး ဖြစ်ပြီးငါးမီးကင်နံ့မွှေးမွှေးလေးနဲ့သောက်လို့ကောင်းလှပါတယ်။ဟင်းရည်ထဲမှာငါးေရွှငါးကင်ဖက်လေးတွေလည်းထည့်ပေးပါတယ်။

“အမတို့ဒေသမှာက မုန့်တီချက်ရင် ငါးရွှေငါးမီးဖုတ်လေးနဲ့ချက်တာ ဟင်းရည်ကကြည်ကြည်လေးနဲ့ ငါးမီးဖုတ်နံ့မွှေးမွှေးလေးနဲ့အဲ့လိုသောက်ကြတာ။ငါးအစိုနဲ့ငါးမီးဖုတ်သုံးတာက ဟင်းရည်မှာကွာတယ် ငါးအစိုကကျဟင်းရည်နောက်တယ်ပိုချိုတယ် ငါးလက်ရင်လက်သလိုငါးလည်းသိပ်သုံးဖို့မလိုဘူး။ ငါးမီးဖုတ်နဲ့ကဟင်းရည်ချိုဖို့ငါးပိုသုံးရတယ်။ဒါပေမယ့်သောက်လိုက်ရင်သူက ငါးမီးဖုတ်နံ့မွှေးမွှေးလေးနဲ့ ဆိုတော့ပိုသောက်လို့ကောင်းတာပေါ့လို့”မနီလာက မုန့်တီဟင်းရည်ချက်နည်းကိုရှင်းပြပါတယ်။



ငရုပ်သီးအစပ်ကလည်းနာမည်ကြီး


ဒီဆိုင်လေးရဲ့နောက်ထပ်နာမည်ကြီးတာတစ်ခုကတော့ ငရုပ်သီးအစပ်အရသာပါ။မုန့်တီဆိုင်အများစုက ငရုပ်သီးစပ်စပ်လေးဖြစ်တတ်ကြပေမယ့် ဒီဆိုင်လေးမှာတော့ ငရုပ်သီးအစပ် levelကိုခွဲထားတာကြောင့် အစပ်ကြိုက်သူတွေအတွက်အဆင်ပြေသလို အစပ်မစားနိုင်သူတွေလည်းကြိုပြောထားဖို့လိုပါတယ်။ ငရုပ်သီးအနှစ်အတွက်လည်း အရသာတသတ်မှတ်ထဲဖြစ်ဖို့ ငရုပ်သီးစိမ်းအနီရောင်ကိုသာ သုံးတယ်လို့ သိရပါတယ်။


ရခိုင်စာအသုပ်တွေလဲရ


ဒီဆိုင်လေးမှာတော့ ရခိုင်မုန့်တီအပြင် ရခိုင်အသုပ်လေးတွေလည်း အစုံအလင်ရပါတယ်။ပဲကြာဇံနဲ့အရွက်စုံပါတဲ့ ရခိုင်သနပ်စုံသုပ်၊သင်္ဘောသီးသုပ်၊ ပြည်ကြီးငါး၊ခရု၊ဂုံးစတဲ့ပင်လယ်စာသုပ်တွေရသလို၊ဝက်ခေါက်၊အမဲခေါက်နဲ့ ဝက်ဆီဖက် သုပ်တွေလည်းရပါတယ်။ပဲပြားအစာသွပ်အပြင် တခြားဆိုင်တွေမှာသိပ်မတွေ့ရတဲ့ပဲသွေး အစာသွပ်လည်းဒီဆိုင်လေးမှာရပါတယ်။ဒါ့အပြင်ကြက်သားတုတ်ထိုးအစုံလည်းရပါသေးတယ်။ ဆိုင်မှာရတဲ့အမယ်တွေကိုစားသုံးသူတွေစားချင်တဲ့ပုံစံလေးတွေအတိုင်းလည်း ရောစပ်ပြီးသုပ်ပေးတယ်လို့ မနီလာကပြောပါတယ်။



စျေးနှုန်းလေးနဲ့ဆိုင်လိပ်စာ


ရခိုင်မုန့်တီအရည်အလွတ်က ၆၀၀ကျပ်ဖြစ်ပြီး အသုပ်တွေကတော့အမျိုးအစားအလိုက် တစ်ထောင်ကျပ်ကနေ လေးထောင်ကျပ်အထိရှိပါတယ်။ဆိုင်လိပ်စာလေးက စမ်းချောင်း၊ငှက်ပျောတောလမ်းထဲမှာဖြစ်ပြီး နေ့လည်တစ်နာရီဆိုရင်တော့ဆိုင်ဖွင့်ပြီဖြစ်ပါတယ်။ရခိုင်မုန့်တီကြိုက်သူတွေအတွက် ရွေးချယ်စရာတစ်ဆိုင်မို့ လက်ရာကောင်းပြီး စျေးသင့်တဲ့ဆိုင်လေးကို ညွှန်းဆိုပေးလိုက်ပါတယ်။

Share

Loading Next Article...
က္က