လက်ဝှေ့အကျော်အမော်တယောက်ဖြစ်တဲ့ တိုင်ဆန်ဖျူရီဟာ ယူနိုက်တက်ပရိသတ်တယောက်လည်းဖြစ်ပြီး ရော်နယ်ဒိုအပေါ် မှီခိုလွန်းတဲ့ အသင်းဖော်တွေရဲ့ အနေအထားအပေါ် ဝေဖန်ပြောကြားလိုက်ပါတယ်။ အသက် (၃၃) နှစ်အရွယ် အဆိုပါ ကစားသမားကြီးက ယူနိုက်တက်မှာ ဖာဂူဆန်လိုမျိုး တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ့် လူမျိုးလိုအပ်နေတယ်လို့လည်း အကြံပြုပါတယ်။
ဒီလိုမျိုး အနေအထားတွေနဲ့ ပတ်သက်လို့ တိုင်ဆန်ဖျူရီက “ရိုးရိုးသားသားပြောရရင် ကျနော် အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ပွဲသွားကြည့်တိုင်း သူတို့အမြဲတမ်းရှုံးနေပါတယ်။ ကျနော်ရှုံးတာရော၊ ဒုတိယနေရာရော မကြိုက်သလို ဒီလို သောက်တလွဲကိုလည်း ကျနော်မလုပ်ပါဘူး။ အနိုင်ကလွဲရင် ကျန်တာ ဘာမှမလိုချင်ပါဘူး။ ဒါက ရူးလောက်စရာပါ”
“ယူနိုက်တက် ကစားသမားတွေက ဘာကြောင့် မိနစ် (၉၀) လုံးလုံး ဘောလုံးနောက် လိုက်မကစားနိုင်ရတာလဲဆိုတာ ကျနော် စဥ်းစားလို့မရပါဘူး။ လူတွေက နည်းပြတွေ၊ အသင်းအုပ်ချုပ်သူတွေကို အပြစ်တင်နေကြပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော ကစားသမားတွေက ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေကြတာကြောင့်ပါ။ ဘာတွေဖြစ်သင့်လဲဆိုတာ သူတို့ ကိုယ့်မျက်လုံးကိုယ် သေချာပွတ်ပြီး ကြည့်သင့်ပါတယ်”
“ဖာဂူဆန်လိုမျိုး တင်းတင်းကြပ်ကြပ် ကိုင်တွယ်မယ့်လူမျိုးလည်း လိုအပ်နေပါပြီ။ ပြောတဲ့အတိုင်းမလုပ်ရင်၊ နားမထောင်ရင် မင်းအတွက် အရံခုံပဲရှိတယ်ဆိုတဲ့ စကားမျိုး လိုအပ်နေပါတယ်။ မင်းဘာသာမင်း ဘယ်လောက်ကောင်းကောင်း၊ နာမည်ဘယ်လောက်ကြီးကြီး ဂရုမစိုက်ပါဘူး။ မင်းအနေနဲ့ ကိုယ်လုပ်စရာရှိတာကို ကြိုးစားလုပ်ဆောင်ရမှာပါ”
“အသင်းဆိုတဲ့ စကားလုံးက အားလုံးနဲ့ ဆိုင်ပါတယ်။ ဂိုးတွေရဖို့၊ ပြေးလွှားပေးဖို့ ရော်နယ်ဒိုအပေါ်မှာလည်း မှီခိုနေလို့ မရပါဘူး” လို့ ပြတ်ပြတ်သားသား ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသက် (၃၇) နှစ်အရွယ် ရော်နယ်ဒိုက ယူနိုက်တက်ကို အကြိမ်ကြိမ် ကယ်တင်ခဲ့ရပြီး အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမားတယောက်လည်းဖြစ်ခဲ့ပါတယ်။