စာချုပ်သစ်အတွက် မက်ဆီရဲ့တောင်းဆိုမှုတွေ ပေါက်ကြားခဲ့တာပါ။

ဘာစီလိုနာနဲ့မက်ဆီအကြား နောက်ဆုံးဖြစ်ပွားခဲ့တဲ့ စာချုပ်သစ်ကမ်းလှမ်းမှုကိစ္စ အရှုပ်အရှင်းအကြောင်း ပေါ်ထွက်လာခဲ့ပြီး မက်ဆီအနေနဲ့ ဘာစီလိုနာဆီက အကြွေးကို (၃) ရာခိုင်နှုန်းနဲ့ တောင်းဆိုခဲ့ကြောင်း သိရှိရပါတယ်။ ဘာစီလိုနာဟာ မက်ဆီကို စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီခဲ့ပြီးမှ ဘဏ္ဍာရေးပြဿနာကြောင့် ပြီးခဲ့တဲ့ (၂၀၂၁) နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွှတ်ခဲ့ရတာပါ။



ဒီမတိုင်ခင်မှာ မက်ဆီက ဘာစီလိုနာကို စာချုပ်သစ်အတွက် တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ပြီး ကိုဗစ်ကြောင့် လစာလျှော့ယူပေးပေမယ့် ဒီလျှော့ယူထားတဲ့ လစာတွေကို (၃) ရာခိုင်နှုန်းအတိုးနဲ့ ပြန်ပေးဖို့ တောင်းဆိုခဲ့ကြောင်း ထွက်ပေါ်ခဲ့ပါတယ်။ အဲ့ဒီအချက်ကြောင့်လည်း မက်ဆီအပေါ် ဝေဖန်မှုတွေရှိနေပါတယ်။ ဒါ့အပြင် စာချုပ်ပါလျော်ကြေးကို ယူရိုသန်း (၇၀၀) အစား ယူရို (၁) သောင်းသာ ထားရှိပေးဖို့ တောင်းဆိုခဲ့ပါတယ်။

စာချုပ်သစ်မှာလည်း လက်မှတ်ထိုးကြေးအတွက် ယူရို (၁၀) သန်းကို မက်ဆီက အပိုဆုကြေးအဖြစ် တောင်းဆိုခဲ့ပါသေးတယ်။ ဒါ့အပြင် အာဂျင်တီးနားကို ပြန်တဲ့အချိန်မှာ အသင်းဘက်က သီးသန့်ဂျက်လေယာဥ် စီစဥ်ပေးဖို့နဲ့ နူးကမ့်ကွင်းထဲမှာ အဲ့ဒီအချိန်က အသင်းဖော် ဆွာရက်ဇ်နဲ့ ဆွာရက်ဇ်မိသားစု၊ မက်ဆီရဲ့မိသားစုဝင်တွေအတွက် သီးသန့်အခန်းတွေ စီစဥ်ပေးဖို့ မက်ဆီက တောင်းဆိုခဲ့ကြောင်း ဖွင့်ချလာတဲ့ လျှို့ဝှက်အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် စပိန်နိုင်ငံဘက်က ကစားသမားတွေအပေါ် အခွန်တိုးမြှင့်ကောက်ခံလာမယ်ဆိုရင် မက်ဆီက သူပေးဆောင်ရမယ့် အခွန်ငွေပမာဏကို ဘာစီလိုနာက စိုက်ထုတ်ပေးဆောင်ပေးဖို့အထိ တောင်းဆိုခဲ့ပါတယ်။ မက်ဆီရဲ့အဖေဖြစ်သူကလည်း သားဖြစ်သူရဲ့ ကြွယ်ဝမှုတွေကို စီမံခန့်ခွဲတဲ့ မန်နေဂျာဆီကို အီးမေးလ်း ပို့ခဲ့တဲ့နေရာမှာ “ဘာစီလိုနာရဲ့ခေါင်းပေါ်ကို ဓားတချောင်းတင်ပေးထားတဲ့ခံစားချက်လေး ပေးလိုက်ရအောင်” လို့ ရေးသားခဲ့ပါသေးတယ်။

မက်ဆီဟာ ဘာစီလိုနာနဲ့ စာချုပ်သစ်ချုပ်ဆိုဖို့အတွက် လစာငွေ (၅၀) ရာခိုင်နှုန်းအထိ လျှော့ယူပေးဖို့ သဘောတူညီခဲ့ပြီးမှ အသင်းဘက်က ဘယ်လိုမှအဆင်မပြေတာကြောင့် နူးကမ့်ကို စွန့်ခွာခဲ့ရတယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ ဒါပေမယ့် အခုထွက်ပေါ်လာတဲ့အချက်အလက်တွေကတော့ ဝေဖန်ချင်စရာကောင်းနေပြီး မက်ဆီအနေနဲ့ ငယ်ဘဝအသင်း ခက်ခဲနေချိန်မှာ အကြွေးကို အတိုးနဲ့တောင်းခဲ့တယ်လို့ ပရိသတ်တွေက လှောင်ပြောင်နေပါတယ်။ 

Share

Loading Next Article...
က္က