ဆိပ်ကမ်းသာလမ်းထိပ်က ကိုကြီးဝက်ကြာဇံဆိုင်လေးကတော့ ခေတ်တွေဘယ်လိုပဲပြောင်းလဲလာပါစေ။ ဒီဆိုင်လေးမှာ စားဖူးနေကျ ဖောက်သည်တွေအတွက်ကတော့ ဘယ်တော့မှမပြောင်းလဲဘဲ အရသာကောင်းနေဆဲ ဖြစ်ပြီး ငယ်ဘဝတွေကို ပြန်ပြီး အမှတ်ရစေမယ့် ဆိုင်လေးပဲ ဖြစ်ပါတယ်။
၁၉၇၇ ခုနှစ်က လမ်းဘေးအထမ်းသည်ဘဝနဲ့စခဲ့တဲ့ ကိုကြီးကြာဇံဆိုင်
ကိုကြီး ကြာဇံဆိုင်ကို ၁၉၇၇ခု နှစ်ကတည်းက လမ်းဘေးအထမ်းဆိုင်လေးအဖြစ်နဲ့စတင်ခဲ့တာပါ။ အခုဆို ဆိုင်သက်တမ်းက (၄၅)နှစ်ရှိပြီဖြစ်ပြီး အရသာမပြောင်းလဲဘဲ အခုထက်တိုင်စားသုံးသူအခိုင်အမာရရှိထားတဲ့ဆိုင်လေးတစ်ဆိုင်အဖြစ်ရပ်တည်နေနိုင်ဆဲပါ။
ဆိုင်ရှင်ကိုကြီးရဲ့အဖေဖြစ်သူက ဒီလုပ်ငန်းလေးကိုစတင်လုပ်ကိုင်လာရာက အခုတော့ သားဖြစ်သူကိုကြီးက လက်လွှဲယူလိုက်ပြီး မိသားစုအမွေအနှစ်လုပ်ငန်းတစ်ခုအဖြစ် ဆက်လက်တည်ရှိနေခဲ့တာပါ။
“ အစကတော့လမ်းဘေးအထမ်းဆိုင်လေးအဖြစ်နဲ့စရောင်းတာပေါ့နော်။ အဖေတို့လက်ထက်ကတည်းက စလုပ်လာတာ။ ကျွန်တော်တို့ဆက်ပြီးလုပ်ကိုင်ခဲ့တာ။ အခုဆို (၄၅) နှစ်ရှိခဲ့ပါပြီ။ ( ၂၀၀၈) ခုနှစ်မှာ အခုဆိပ်ကမ်းသာလမ်းမှာ ဒီဆိုင်ခန်းလေးလည်းဖွင့်တယ်။ အထမ်းဆိုင်လေးလည်း ရှိတုန်းပဲ။ ( ၂၀၁၀) ကစပြီး လမ်းဘေးအထမ်းဆိုင်လေးကမရှိတော့ဘဲနဲ့ အခုဆိုင်နဲ့ပဲရောင်းနေတာပါ" လို့ဆိုင်ရှင်က ပြောပြပါတယ်။
၄၅နှစ်တိုင်တိုင်မူလအရသာကိုထိန်းထားနိုင်ဆဲ ကိုကြီးဝက်ကြာဇံ
၁၉၇၇ခု နှစ်ကတည်းကနေအခုချိန်ထိအရသာကိုမပြောင်းလဲဘဲ မူလအရသာနဲ့စံချိန်ကို ထိန်းထားနိုင်တာကလည်း ကိုကြီးဝက်ကြာဇံရဲ့အားသာချက်တစ်ခုလို့သိရပါတယ်။ မျိုးဆက်၂ဆက်တိုင်အောင် အရသာကိုမပြတ်ထိန်းထားနိုင်ပြီး အရင်ကတည်းကအားပေးလာတဲ့ စားသုံးသူတွေကလည်း အရသာမပြောင်းလဲလို့ ကိုကြီးဝက်ကြာဇံကိုအမြဲမပြတ်အားပေးတဲ့သူတွေ ရှိခဲ့တာလို့ သိရပါတယ်။ အရင်ခေတ်အခါတုန်းက မြို့ထဲကို လာတဲ့သူတိုင်း အနော်ရထာလမ်းမပေါ် ဆိပ်ကမ်းသာလမ်းထိပ်က အထမ်းလေးနဲ့ ရောင်းတဲ့ ဝက်သားကြာဇံကို အမြဲဝင်စားကြသလို အရသာကိုကြိုက်လို့ တကူးတက လာပြီးစားကြတဲ့သူတွေတောင်ရှိခဲ့ပါတယ်။
"ကျွန်တော်တို့ဆိုင်ရဲ့အားသာချက်ကတော့ အရသာကိုဟိုးအရင်ကတည်းကရတဲ့ အရသာအတိုင်းလုံးဝမပြောင်းလဲအောင်ထိန်းထားတယ်။ ကျွန်တော်ကိုယ်တိုင်ပဲဦးစီးပြီး အရသာကိုသေချာ စီမံတယ်။ အဲ့ဒါကြောင့်အမြဲတမ်းအားပေးလာတဲ့စားသုံးသူတွေဆီကနေ ကောင်းမွန်တဲ့မှတ်ချက်တွေရပါတယ်"လို့ဆိုင်ရှင်ကိုကြီးကပြောပြလာပါတယ်။
တစ်နေ့ကိုဝက်အချိန်၂၀နဲ့ ကြာဇံခေါက်ဆွဲ အချိန်၂၀ ကျော်အထိရောင်းနေရ
ဝက်သားကြာဇံနဲ့ ခေါက်ဆွဲ ကြာဇံ ၊ ဝက်သားတုတ်ထိုးတွေကို အထူးရှယ်ရောင်းချတာဖြစ်တဲ့ ကိုကြီးဝက်ကြာဇံဆိုင်လေးကတော့ ရောင်းအကောင်းဆုံးနေ့တွေဆိုရင် ကြာဇံ အချိန် ၂၀နဲ့ ဝက်သားအချိန် ၂၀ ကျော်တို့ကိုရောင်းနေရတယ်လို့လည်းသိရပါတယ်။
"အရင်တုန်းကတော့ပိုရောင်းရတာပေါ့နော်။ အခုကတော့ပြန်ထိန်းထားရတဲ့သဘောပေါ့။ အချိန် ၂၀နဲ့ ၂၅အဲ့လောက်ပါပဲ။ စားသုံးသူတွေကအမြဲတမ်းလည်းအကြံပေးပါတယ်။ သူတို့အကြံပေးတဲ့အတိုင်းပဲ ကျွန်တော်တို့အမြဲနားထောင်ပြီး ပြင်စရာရှိတာကိုပြင်ဆင်ပါတယ်"လို့ပြောပြပါတယ်။
ကျောက်ဖရုံသီး၊ ကြက်ရိုးဟင်းရည်လေးက ဆိုင်ရဲ့ ဆွဲဆောင်မှုဖြစ်နေ
ကိုကြီးဝက်ကြာဇံဆိုင်မှာတော့ ဝက်ခေါက်ဆွဲ၊ ကြက်ခေါက်ဆွဲ၊ ဝက်သားတုတ်ထိုးဟင်းပွဲ၊ ကော်ပြန့်စိမ်း၊ ကော်ပြန့်ကြော်၊ ဝက်ကော်ရည်ထမင်းပေါင်းတို့ကို ရရှိနိုင်ပြီး ကိုကြီးဝက်ကြာဇံဆိုင်ရဲ့ နောက်ထပ်ကြိုက်နှစ်သက်မိတဲ့တစ်ချက်ကိုပြပါဆိုရင်တော့ ဟင်းပွဲတွေနဲ့တွဲဖက်သောက်သုံးရတဲ့ ဟင်းခါးလေးပါ။ ဆိုင်တိုင်းမှာမရနိုင်တဲ့ ကျောက်ဖရုံသီးနဲ့ကြက်ရိုးတို့ကို အစပ်အဟပ်တည့်အောင်ချက်ပြုတ်ထားတဲ့ဟင်းခါးလေးက စားသုံးသူတွေအတွက် တစ်ကယ့်ကိုကြိုက်နှစ်သက်မိစေတဲ့ အဓိကအချက်ပါ။
ဝက်သားနဲ့ကြာဇံတစ်ပွဲကို ငါးမူး၊ တစ်ကျပ်ခေတ်ကနေ တစ်ပွဲ ၂၅၀၀ ခေတ်သို့ရောက်လာ
လွန်ခဲ့တဲ့ ၄၅ နှစ်က တော့ ဝက်သားနဲ့ ကြာဇံတစ်ပွဲကို ငါးမူး၊ တစ်ကျပ်လောက်က စရောင်းခဲ့တယ်လို့ သိရပါတယ်။ အခုတော့ ဝက်ကြာဇံတစ်ပွဲ ကို ၂၅၀၀၊ ဝက်သားအစုံတစ်ပွဲကို ၃၀၀၀ ၊ ကော်ပြန့် တစ်ပွဲ (၁,၀၀၀)၊ ကြာဇံ အလွတ်တစ်ပွဲကို (၁,၀၀၀)၊ တုတ်ထိုးထမင်းပေါင်းတစ်ပွဲကို (၂,၀၀၀) ကျပ်ဖြစ်ပါတယ်။
ကိုကြီးဝက်ကြာဇံဆိုင်ကို အားပေးချင်သူတွေအတွက်
ကိုကြီးဝက်ကြာဇံကို တစ်ခေါက်တစ်ခါလောက်လာရောက် မြည်းစမ်းကြည့်ချင်တဲ့စားသုံးသူတွေအတွက် လိပ်စာလေးကတော့ အမှတ် ၁၄၂/၃၇လမ်းအလယ်ဘလောက်ဆိပ်ကမ်းသာလမ်း ကျောက်တံတားမြို့ပဲ ဖြစ်ပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၉၅၁၀၀၅၃၂၊ ၀၉၇၉၅၁၀၀၅၃၁၊ ၀၉၇၆၅၁၀၀၅၃၂တို့ပဲ ဖြစ်ပြီး အနီးအနားတစ်ဝိုက်ကို အိမ်အရောက်ဝန်ဆောင်မှုလည်း ရှိတယ်လို့သိရပါတယ်။
Share