မန်ချက်စတာယူနိုက်တက်နဲ့ ဘရိုက်တန်ပွဲကတော့ ယူနိုက်တက်ပရိသတ်တွေအတွက် စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်။ ပွဲစကတည်းက ပြိုင်ဘက်ကို ဖိအားပေးပြီး ယူနိုက်တက်တို့ ကစားနိုင်ခဲ့သလို အခွင့်အရေးတွေလည်း အများကြီးရခဲ့ပါတယ်။
ဒါပေမယ့် ဒီအခွင့်အရေးတွေကို ရက်ရှ်ဖို့ဒ်က တော်တော်လေးဖြုန်းတီးခဲ့ပြီး သူ့ရဲ့ ကန်သွင်းချက်တွေက ဘေးထွက်တာ၊ ဘရိုက်တန်ခံစစ်က ဖျက်ထုတ်နိုင်ခဲ့တာတွေချည်းပါပဲ။ ဘရိုက်တန်ကတော့ ရှားရှားပါးပါးရလာတဲ့အခွင့်အရေးမှာ ဝဲလ်ဘက်ခ်က အသင်းဖော်ကျော်ခွပေးလိုက်တာကို အပိုင်ကန်သွင်းပြီး ဦးဆောင်ဂိုးရယူပေးသွားခဲ့ပါတယ်။
ဝဲလ်ဘက်ခ်က အသင်းဟောင်းကို ၄ ဂိုးမြောက် ပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယူနိုက်တက်ကစားသမားဟောင်းတွေထဲမှာတော့ အသင်းဟောင်းကို ဂိုးပြန်အသွင်းဆုံး ကစားသမားဖြစ်နေပါတယ်။ ဒီနောက် ယူနိုက်တက်တို့ ချေပဂိုးရနိုင်မယ့် အခွင့်အရေးတွေရခဲ့ပေမယ့် ရက်ရှ်ဖို့ဒ် ဖြုန်းခဲ့သလို ဟော့ဂျ်လန်းရဲ့ သွင်းဂိုးကလည်း ရက်ရှ်ဖို့ဒ်ကန်တင်ပေးချိန်မှာ ဘောလုံးစည်းကျော်နေခဲ့လို့ ပယ်ဖျက်ခံခဲ့ရပါတယ်။
ယူနိက်တက်တို့ ဒုတိယပိုင်းမှာလည်း အခွင့်အရေးတွေ လွဲချော်ရင်းနဲ့ပဲ ပြိုင်ဘက်က တဂိုးပြီးတဂိုးသွသင်းတာကို ခံခဲ့ရပါတယ်။ ၃-၀ အထိ ဖြစ်သွားခဲ့ကာ မက်ဘရီက ချေပဂိုးသွင်းပေးလို့သာ ပွဲက အရှိန်ပြန်ရှိခဲ့တာပါ။ ယူနိုက်တက်ဂိုးသမားအိုနာနာကတော့ ဂိုးတွေဆက်တိုက်ပေးနေရပြီး သူ့ရဲ့ လက်စွမ်းကလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ယူနိုက်တက်တို့ ဂိုးထပ်မရခဲ့တော့ဘဲ ၁-၃ နဲ့ ပွဲပြီးဆုံးကာ အိမ်ကွင်းမှာပဲ အရေးနိမ့်ခဲ့ရပါတော့တယ်။